ရှားပါးလာတဲ့ ကျောက်ဂျပိုးများကို နို့ဆီတစ်ခွက် (၂၀၀၀၀) ကျပ်အထိ တရုတ်က စျေးကောင်းပေးဝယ်နေ

ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုဒေသထွက် ကျောက်ဂျပိုးနှင့် ဆေးဘက်ဝင်အပင်များအား တရုတ်ဘက်က စျေးကောင်းပေးဝယ်နေပြီး ကျောက်ဂျပိုး နို့ဆီဘူးတစ်ခွက်လျှင် ကျပ် ၁၅၀၀၀ မှကျပ် ၂၀၀၀၀ အထိ စျေးကောင်းရနေကြကြောင်း သိရပါတယ်။

ယခုကာလမှာ ပူတာဒေသ၏ ရေခဲတောင်တက်ခရီးသွားရာသီကာလဖြစ်သော်လည်း ယင်းဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှုတွေ နည်းပါးသည့်အတွက် ဒေသခံတွေက ကျောက်ဂျပိုးရှာဖွေခြင်းလုပ်ငန်းနှင့် တရုတ်ဘက်ကဝယ်ယူမှုများနေသည့် ဒေသအခေါ် စော်ကော်ဟုအမည်ရတဲ့ ဆေးဘက်ဝင်အပင်စိုက်ပျိုးခြင်းတွေကိုသာ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ အဆိုပါဒေသခံတွေထံမှ သိရပါတယ်။


“ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက သိပ်မပွင့်သေးဘူး။ ခရီးသွားကလည်း သိပ်မရှိဘူးလေ၊ ဒေသခံတွေက အခုစော်ကော်အပင်စိုက်တာနဲ့ ကျောက်ဂျပိုးကိုပဲ ရှာနေကြတယ်။ ကျောက်ဂျပိုးက နို့ဆီဘူးတစ်ခွက်ကို ၁၅၀၀၀ တစ်ခါတစ်လေကျ ၂၀၀၀၀ အထိလည်း စျေးရတာရှိတယ်။ သူကမြစ်ကြီးနားဘက်ကနေ တရုတ်ဘက်ကို ပို့တယ်။ စော်ကော်ကျတော့ ရှာစရာမလိုဘူးပေါ့၊ သူကစိုက်ရတာ ဆေးဘက်ဝင်အပင်ပေါ့လေ၊ အဲ့ဒါလည်းတရုတ်ဘက်က ဝယ်တယ်။ ဒေသခံတွေက ဒီအလုပ်ပဲ တွေပဲရှိတာပေါ့နော်” လို့ ပူတာအိုဒေသခံတဦးက ပြောပါတယ်။

ကျောက်ဂျပိုးဆိုတာ ဘယ်လိုမျိုးလည်းလို့ သိချင်သူများအတွက် အနည်းငယ် ပြောပြပေးပါမယ်။ ကျောက်ဂျပိုးဆိုတာက အင်းဆက်တွေလို အကောင်းသေးမျိုးဖြစ်ပြီး အနံ့ဆူးရှတဲ့ အကောင်မျိုးဖြစ်ပါတယ်၊ ကျောက်ဂျပိုးတွေဟာ အမျိုးအစား အများကြီးရှိပြီး အရောင်မျိးစုံနှင့် အရွယ်အစားတွေလည်း ကွာကြပါတယ်။

အခု ပူတာအိုမြို့မှာ ဈေးကွက်ဝင်လာတဲ့ ကျောက်ဂျပိုးဆိုတာက အမဲရောင် အသေးဆိုက်ဖြစ်ပြီး အအေးပိုင်း ချောင်းကမ်းစပ် ကျောက်တုန်း ကျောက်ခဲတွေအောက်မှာ ရှိတက်တဲ့ အကောင်မျိုး ဖြစ်ပါတယ်။ အရွယ်အစား လက်ငြိုး လက်သဲပွင့်လောက်သာရှိပြီး ကျောက်ခဲအောက်တွေမှာ ခိုအောင်း နေထိုင်လျှက် ရှိကြပါတယ်။ နေဝင်ချိန် ညနေခင်းပိုင်းတွေမှာ ပျံသန်းသွားလာပြီး အစာရှာထွက်လေ့ရှိတက်ကြပါတယ်။


ကျောက်ဂျပိုးတွေကို ရှာမယ်ဆိုရင် ချောင်းကမ်းစပ်က ကျောက်တုန်း ကျောက်ခဲတွေကို လှန်ပြီးရှာရပါတယ်။ ကျောက်တုန်းတွေအောက်မှာ တွေ့ရင် အုပ်စုလိုက် လေးငါးဆယ်ကောင် တွေ့ရသလို တစ်ကောင်နစ်ကောင်လည်း တွေ့ရတက်ပါတယ်။ ကျောက်ဂျပိုးပေါချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာဆိုရင် ညနေခင်းပိုင်း ချောင်းကမ်းစပ်တွေမှာ ခြင်ထောင် (သို့) တံမျက်စည်း၊ ဝါးကက်တွေနဲ့ လိုက်ဖန်းကြပါတယ်။ ကျောက်ဂျပိုးတွေဟာ အနံ့ ဆူးရှတဲ့အတွက် လူတောတောများများတော့ မကြိုက်ကြပါဘူး။ ကျောက်ဂျပိုးရဲ့ အနံ့ဟာ ဘာနဲ့တူလည်းဆိုရင် အိမ်ဟောင်းတွေ အဝတ်ဟောင်းတွေမှာ ရှိပြီး လူကိုကိုက်တက်တဲ့ ဂျပိုး အနံ့နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။

တကယ်တော့ အခုဈေးကွက်ထဲရောက်လာတဲ့ ကျောက်ဂျပိုးဆိုတာက လူတိုင်းစားသင့်တဲ့ အစားအစာ တစ်ခုတော့ မဟုတ်ပါဘူး။ ကျောက်ဂျပိုး စားမယ်ဆိုရင် အရှင်ကို သူ့ဗိုက်ထဲက သေးရည်စင်အောင်ညစ်ပြီး ချက်စား ကြော်စား ထောင်းစားရပါတယ်။ သေပြီးထား အကောင်ဆိုရင် မစားရပါဘူး အန္တရာယ်များပါတယ်။ အသေစားမိရင် မူးတာ အံတာတွေဖြစ်တက်ပြီး အဆိပ်အသောက်ဖြစ်တက်ပါတယ်။ ကျောက်ဂျပိုးနဲ့ ဆင်တူရိုးမှား အကောင်တွေ စားလို့မရတဲ့ အကောင်မျိုးတွေ စားမိရင်လည်း အဆိပ်ဖြစ်ပြီး သေတက်ပါတယ်။

ကျောက်ဂျပိုးတွေဟာ လေဝင်လေထွက်ရှိတဲ့ ဆာလာအိတ်ထဲမှာ ပြည့်အောင်ထည့်ထားရင်တောင် အစာမစားပဲ ၂ ပတ်လောက် အသက်ရှင်နေနိင်ကြပါတယ်။ စားမယ့်အချိန်ဆိုရင်တော့ အသေတွေဖယ်ပြီးမှ စားသင့်ပါတယ်။ ကျောက်ဂျပိုးနဲ့ မတည့်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ ပီလောပီနံနဲ့လည်း တွဲမစားရပါဘူး။


ကျောက်ဂျပိုးကို ကျွန်တော်လည်း အရမ်းကို ကြိုက်ခဲ့ဖူးပါတယ်။ အခုတော့ မစားဖြစ်တော့ပါဘူး။ ကျွန်တော့်အစ်ကို ကျောက်ဂျပိုး စားပြီး ဆေးရုံရောက်သွားတာရယ်၊ ကျောက်ဂျပိုးစားဖို့ သေးရည်ညစ်တော့ သေးရည် မျက်လုံးထဲဝင်တာ ငရဲပြည်ရောက်သလို ခံစားခဲ့ရတာတွေကြောင့် ကျွန်တော်လည်း မစားဖြစ်တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။

အခုတော့ ကျောက်ဂျပိုးတွေဟာ မနှစ်ကတည်းက တရုတ်ဈေးကွက်ထဲ ရောက်နေပြီဖြစ်ပြီး ပူတာအိုမြို့မှာ လုဝယ်နေရတဲ့ အဆင့်တွေတောင် ဖြစ်ကုန်ပါပြီ။ တရုတ်လုပ်ငန်းရှင်များ‌က ဈေးကောင်းပေးဝယ်နေသဖြင့် ပူတာအိုတွင်ကျောက်ဂျပိုး ရှာဖွေသူ ယခင်နှစ်ထက် ပိုမိုများပြားလာပါတယ်။ ရှာဖွေသူအလွန်များပြာလာသောကြောင့် ပိုးကောင်ရှားပါးမှုနှင့် ဒေသခံတွေ ကြုံနေရပါတယ်။

ပူတာအိုမြို့တွင် ပုံမှန်အားဖြင့် ကျောက်ဂျမ်းပိုးကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လအတွင်း ရှာဖွေရပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ တရုတ်လုပ်ငန်းရှင်များက ဈေးကောင်းပေးဝယ်သောကြောင့် ရှာဖွေမှု ပိုမိုများပြားလာခြင်းခဲ့ကြခြင်းဖြစ်သည်။

Crd 🙏

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top