“ရေခဲရေ” (ဒေါက်တာမျိုး)
ကျွန်တော်သည်ကား ငယ်စဉ်ကတည်းက ရေအေးအေးကို နှစ်သက်ဟန်တူ၏။ ငယ်စဉ်ကလေးဘဝက အိမ်တွင် ရေခဲသေတ္တာရယ်လို့ မရှိရကား ရေခဲရေမသောက်ရပေ။ မြေအိုးလေးထဲက ရေသာသောက်ရသည်။ သို့သော် အဘိုးအဘွား၏ အိမ်တွင် ရေခဲသေတ္တာရှိရကား ရေခဲရေ၏ အရသာကို မြည်းစမ်းမိလေသည်။ အေးသောအရသာကို ကြိုက်လဲကြိုက်သွားလေသည်။
သာမန်ရေသည် အေးသွားသောအခါ အရသာတမျိုးရှိလာသည်၊ ထူးခြားလာသည်ဟု စိတ်ထဲတွင် ထင်မိလေသည်။ ငယ်စဉ်က အေးတာကြိုက်ပုံများကို အဘွားနှင့် အဒေါ်က ပြန်ပြောပြလေ့ရှိသည်။ ကျွန်တော် ငယ်ငယ်က ပူဆာပုံအကြောင်း။ “အမလေး ရင်တွေပူလိုက်တာခင်ဗျာ့ ၊ ကြံရည်အေးအေးလေးသောက်လိုက်ရရင် အေးသွားမှာပါဆိုပဲ။”
အဘွားနဲ့ အဒေါ်က ပြောပြလို့သာ ကျွန်တော် အဲ့လိုပူဆာခဲ့မိမှန်း ပြန်သိရတော့သည်။ ကျွန်တော် ထိုသို့ ပူဆာပုံကိုကား ကိုယ့်ဟာကိုယ် ပြန်၍ မမှတ်မိတော့ပါ။ သို့သော် မဟုတ်ပါဘူး ငြင်းလို့လဲ မဖြစ်ချေ။ ကျွန်တော်သည် ကြံရည်ကြိုက်တာကို ငြင်းမရ။ ငယ်စဉ် ကြံချောင်းကို ချူလေးပါသော ညှစ်စက်ဖြင့် ထဲ့ကြိတ်၊ ငါးကြင်းခွက် ဖန်ခွက်ထဲ ရေခဲတုံးနှင့် ထဲ့ပေးသော ကြံရည်သည်ကား ကျွန်တော်အကြိုက်ဆုံးသော သောက်စရာပေတည်း။
ဆက်ပြောရရင် ကျွန်တော် သုံးလေးတန်းမှ အိမ်တွင် ရေခဲသေတ္တာဝယ်လေရာ အေးတာကို သောက်ချင်သော ကျွန်တော်သည် ရေခဲသေတ္တာထဲ ရေခဲရေ ထဲ့သောက်လေတော့သည်။ အဲ့ဒီမှာ ဖားသားကြီး မားသားကြီးနှင့် ပြဿနာတက်တော့သည်။ သူတို့က ရေခဲရေမကောင်းကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း၊ သဘာဝနှင့် ဆန့်ကျင်ကြောင်း ဘာကြောင်းညာကြောင်းတွေပြောပြီး ရေခဲရေ သောက်ခြင်းကို ခွင့်မပြု။ ကျွန်တော်ကလည်း အိမ်မှာ ရေခဲသေတ္တာ ရှိပါလျှက် ရေခဲရေမသောက်ရခြင်းကို မကျေနပ်ပေ။ မကျေနပ်သော်လဲ ပြန်ဖြေရှင်းရန် မတတ်နိုင်သောကြောင့် ရေခဲရေမသောက်ရပေ။
ဆေးကျောင်းသား ဘဝလောက်ရောက်တော့ ငယ်စဉ်ကလောက် အမိန့်ကို မနာခံရတော့ကား ရေခဲရေဇာတ်လမ်းကို ပြန်စသည်။ ဘယ်လိုစသလဲဆိုတော့ ကျွန်တော်က ကျောင်းက မောမောနှင့် ပြန်လာလျှင် ရေအေးအေးလေး သောက်ချင်သည်။ အိမ်က အုပ်ချုပ်သူတို့က ကျွန်တော် နံနက်က ထည့်ထားခဲ့သော ရေပုလင်းများကို အပြင်ထုတ်ထားတတ်သည်။ ထိုအခါ ကျွန်တော် ဒေါသထွက်တော့သည်။ မောမောနှင့်ပြန်လာပြီး သာမန်ရေ နွေးနွေးကြီး မသောက်ချင်၊ မမောမပြေ၊ အရသာမရှိ။
ဒီမှာ အကြံထုတ်သည်။ ဘယ်လို ရေခဲရေ အေးအေးသောက်ရပါ့။ ဖားသား မားသားတို့သည် ရေခဲသေတ္တာထဲ ရေပုလင်းတွေမြင်လျှင် ကြည့်မရဟန်တူ၏။ ထို့ကြောင့် မြင်လဲ မမြင်ရ၊ ပိုလဲ အေးအောင်၊ ကျစ်ကျစ်လစ်လစ် compact လဲ ဖြစ်အောင် အကြံထုတ်ရသည်။
အကြံရပါပြီ။ ရေပုလင်း (ပုလင်းဆိုသော်လည်း ကိုလာဘူးကြီး) ကို ရေတဝက်ထဲ့ကာ အပေါ်ထပ် ရေခဲသည့် အခန်းထဲ ပစ်ထဲ့ထားလိုက်သည်။ ရေခဲသေတ္တာ အပေါ်ထပ်ဖြစ်ခြင်းကြောင့် အဖွင့်အပိတ်နည်းရကား လူကြီးများ မျက်စိနောက်ခြင်း နည်းသွားသည်။ ကျောင်းက ပြန်လာလျှင် ထိုပုလင်းကိုထုတ်၊ အိမ်မှာရှိသည့် မအေးသည့်ရေကို ရေတဝက်ခဲနေသည့် ပုလင်းထဲထည့်၊ ကော့တေးဖျော်သလိုလှုပ်၊ ပြီးမှသောက်။ အမလေး သိပ်ကောင်းတာပဲဗျာ။ အေးစိမ့်နေတာပဲ။ ငယ်စဉ်က တိရိစ္ဆာန်ရုံရှေ့က ရေခဲရေသည် ရောင်းသလိုကို အေးပါသဗျာ။ ရေပုလင်းတွေ အများကြီး ရေခဲသေတ္တာထဲ ထဲ့ရသော ဒုက္ခလဲ မရှိတော့၊ မအေးတအေးဆိုတာလဲ မရှိ၊ အမြဲ အေးစိမ့်နေသောရေကို သောက်ရလေတော့သည်။
သို့သော် ထုံးစံအတိုင်း ရေခဲရေမကောင်းကြောင်း အပွါးခံရလေသည်။ ဒီအချိန်မှာတော့ ကျွန်တော်သည် ကလေးဘဝကလို မဟုတ်တော့။ ဆေးပညာကို သင်ကြားနေရပြီဖြစ်သော ဆေးကျောင်းသားဖြစ်ရကား ရေခဲရေအကြောင်းကို အချက်နှင့် အလက်နှင့် ကာကွယ်နိုင်ခဲ့ပါလေပြီ။
ရှေခေတ်က ရေခဲရေသောက်ရင် လည်ချောင်းနာတယ်၊ အာသီးရောင်တယ်၊ ဗိုက်မကောင်းဘူးဆိုတာက ဒီလိုလေဗျာ။ အဲ့ခေတ်က ရေခဲရေတို့၊ အအေးထဲထဲ့တဲ့ ရေခဲ ဆိုတာတွေက လူစားတဲ့ ရေခဲမှ မဟုတ်ပဲဗျ။ ငါးပုစွန်လုပ်ငန်းအတွက် ရေခဲစက်ရုံးကထုတ်တဲ့ ပေါင် ၁၀၀ လောက် ရေခဲတုံးတွေကို သယ်လာ၊ လမ်းဘေးမြေကြီးပေါ်မှာ ဖွဲတွေနဲ့ အုပ်ထား၊ အအေးဖျော်ဖို့လို့မှ အဲ့အတုံးကို တူရွှင်းနဲ့ထု၊ အတုံးသေးသေးဖြစ်မှ ဖွဲပြောင်ရုံလေး ရေလောင်း၊ တခါမှ မဆေးမကြောတဲ့ ရာဘာအိပ်ထဲထဲ့၊ လမ်းဘေးပလက်ဖောင်းပေါ်တင်ပြီး တုတ်နဲ့ထု၊ အဲ့တာကို အအေးခွက်ထဲ ထဲ့ပေးတာကိုးဗျ။ ရေခဲက စခဲကတည်းက ရေသန့်မှ မဟုတ်တာ၊ ရေခဲဘဝကနေ ကိုယ့်ပါးစပ်ထဲ ရောက်တဲ့အထိ ဖြတ်သန်းလာ လမ်းတလျှောက်ကလဲ ခုန ကျွန်တော်ရေးတဲ့ အတိုင်းပဲ။ ဘယ်မှာ သန့်ရှင်းနိုင်မှာလဲ။ ဒီလို ရေခဲကိုပဲ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကြိတ်တာပဲ။
အခုခေတ် ရေခဲဆိုတာက ကိုယ့်အိမ်ကိုယ်ခဲတာ၊ မသန့်ဖို့က အတော်ရှားတယ်လေ။ ရေခဲစက်က ရေခဲဆိုလဲ လူစားဖို့ ထုတ်တဲ့ ရေသန့်ရေခဲ။ စိတ်မသန့်သေးရင် ကိုယ့်ဟာကိုယ် ခဲပေါ့ဗျာ။ ဘာခက်တာလိုက်လို့။ ဒီခေတ် အိမ်တိုင်းနီးပါး ရေခဲသေတ္တာ ရှိကြပါတယ်။
နောက်တချက် ရေခဲကြောင့် လူအပူအအေး မမျှတဘူးဆိုတာလဲ ကျွန်တော်ဖြင့် မယုံပေါင်ဗျာ။ လူရဲ့ ကိုယ်ခန္ဓာက သူ့ကိုယ်ထဲ ပူတဲ့အစာပဲ ဝင်ဝင်၊ အေးတဲ့အစာပဲ ဝင်ဝင် အစာအိမ်ထဲ ရောက်တာနဲ့ လူရဲ့ ခန္ဓာကိုယ် အပူချိန်ဖြစ်အောင် ပြောင်းလဲလိုက်တာပဲ။ လူတိုင်းလဲ ပူတဲ့ဟာစားသလို အေးတာလဲစားနေကြတာပဲ။ အစာအိမ်ထဲရောက်တာနဲ့ အတူတူပါပဲ။ ပူတယ် အေးတယ်ဆိုတာ လျှာဖျား အရသာ ခဏပါပဲ။ အဲ့တော့ ကိုယ်က ပူတာကြိုက်ရင် ပူတာသောက်၊ အေးတာကြိုက်ရင် အေးတာသောက်။ ကြိုက်တာသောက်၊ လူကိုယ်ထဲ ရောက်ရင်တော့ ၃၇ ဒီဂရီ စင်တီဂရိတ်ပဲ။
အလကားနေ ဒီ ရေခဲကို ရန်ရှာနေတာကို ကျွန်တော် ရေခဲချစ်သူက ကာကွယ်ပေးတဲ့ သဘောပါပဲ။ တခါတလေများ ဆရာဝန်တွေကပါ အွန်လိုင်းကတမျိုး၊ ရေဒီယိုက တဖုံ ရေခဲရေရှောင်ကြပါလို့ပြောရင် ကျွန်တော့်စိတ်ထဲ ကျလိကျလိ ဖြစ်သဗျ။ ရှောင်ရမှာက ရေခဲမဟုတ်ပါဘူးဗျ။ ရှောင်ရမှာက မသန့်ရှင်းတဲ့ ရေကိုပါ။
သူ့ဟာသူလေး အရသာရှိနေတဲ့ ဇိမ်ခံပစ္စည်းလေးတခုဖြစ်တဲ့ ရေခဲတုံးလေးကို ပြဿနာမရှာကြပါနဲ့ဗျ။ ကျွန်တော်ကတော့ ရေခဲရဲ့ ရှေ့နေပဲ။ ရေမှုန်လေးတွေ သီးနေတဲ့ အရည်ဆို သိပ်သောက်ချင်ပဲ။ အလိုလိုကို အရသာရှိနေရော။ (Dr.Myo)
Crd🙏