၆ နှစ်သားလေးက ညီမဖြစ်သူကို ခွေးအတိုက်အခိုက်ခံရခြင်းကနေ အနစ်နာခံကယ်ဆယ်ပေးခဲ့တဲ့ ဖြစ်ရပ်လေးဟာ တွေ့မြင်ရသူအပေါင်းရဲ့ ရင်ထဲအထိရောက်ရှိသွားစေခဲ့ပါတယ်။ အဲဒီအဖြစ်ဟာ အင်တာနက်မှာအတော် ပျံ့နှံ့သွားခဲ့သလို၊ နာမည်ကျော်အနုပညာရှင်တွေကပါ သိရှိသွားခဲ့ကြပါတယ်။
အဲဒီဖြစ်ရပ်လေးအပေါ် Marvel ရဲ့ လက်ရှိ Hulk မင်းသားကြီး Mark Ruffalo က ချီးကျူးထားတဲ့ မှတ်ချက်ကို ရေးသားခဲ့သလို ဟောလိဝုဒ် မင်းသမီးချော Anne Hathaway ကလည်း ချီးကျူးစကားပြောထားပါတယ်။
ဒါ့ပြင် Marvel ရဲ့ ကပ္ပတိန်အမေရိကမင်းသားအဖြစ် လူသိများတဲ့ ဟောလိဝုဒ်မင်းသားချောခရစ်အီဗန်ကလည်း အဲဒီ ၆ နှစ်သားလေး Bridger Walker ဆီကို video message အတိုလေးပို့ပြီး ချီးကျူးစကားပြောခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ Captain America ရဲ့အမှတ်အသားအဖြစ် လူသိများတဲ့ ဒိုင်း (shield) အစစ်ကိုပို့ပေးမယ့်အကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
ခရစ်ဟာ ကောင်လေးရဲ့သတ္တိရှိတဲ့အပြုအမူကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ အခုလိုပေးအပ်ဖို့ ကတိပေးခဲ့တာပါ။ ခရစ်က “ဘော်ဒါလေး၊ မင်းကသူရဲကောင်းလေးပဲကွ၊ မင်းလုပ်ခဲ့တာက အရမ်းရဲရင့်ပြီးအတ္တကင်းတယ်။ မင်းလို အစ်ကိုတစ်ယောက်ရှိတာ မင်းညီမလေး အရမ်း ကံကောင်းတာပဲ။ မင်းမိဘတွေလည်း ဂုဏ်ယူနေကြမှာ” လို့ သူ့ရဲ့ video message ထဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
အဲဒီချစ်စရာဗီဒီယိုလေးကို Bridger ရဲ့အဒေါ်ဖြစ်သူ Nicole Noel Walker က လူမှုကွန်ယက်မှာ ပြန်လည်မျှဝေ ခဲ့တာပါ။ အဲဒီဗီဒီယိုမှာ ခရစ်အီဗန်က ကပ္ပတိန်ဒိုင်းအစစ်ဟာ ကောင်လေးနဲ့ထိုက်တန်တဲ့အကြောင်း၊ သူ့လို လူမျိုးတွေလိုအပ်ကြောင်းတို့ကိုလည်း ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့တုန်းက Bridger Walker လို့နာမည်ရတဲ့ အသက် ၆ နှစ်အရွယ်ကောင်လေးဟာ ညီမ ဖြစ်သူကို ကယ်ဆယ်ဖို့အတွက် အနစ်နာခံကာကွယ်ပေးခဲ့ပါတယ်။ ခွေးတစ်ကောင်ဟာ သူ့ညီမလေးဆီကို ခုန် အုပ်လာချိန်မှာ သူက သတ္တိရှိရှိရှေ့ကနေဝင်ခံပြီး ညီမလေးကို ဘေးကင်းရာဆွဲယူပေးခဲ့ပါတယ်။
သူ့ညီမလေး အန္တရာယ်ကင်းသွားခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ ခွေးရဲ့ကုတ်ခြစ်မှုဒဏ်ကို အတော်လေးခံလိုက်ရ ပါတယ်။ ခွေးဟာ ကောင်လေးရဲ့ခေါင်းနဲ့မျက်နှာတဝိုက်ကို ကုတ်ခြစ်ကိုက်ခဲခဲ့တာ ဖြစ်ပါတယ်။ မျက်နှာမှာတော့ ဒဏ်ရာ အများဆုံးရရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာတွေအတွက် အချက်ပေါင်း ၉၀ လောက် ချုပ်လိုက်ရပါတယ်။