လူတိုင်းရဲ့ဘဝမှာ မလွဲမသွေ ရေစက်ဆုံရမယ့် လူ (၇) မျိုး

ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘယ်သူ့ကိုတော့ တွေ့ဆုံချင်တယ်၊ ဘယ်သူကိုတော့ မတွေ့ချင်ဘူးဆိုပြီး ရွေးချယ်ခွင့် မရှိပါဘူး။ ရေစက်ဆိုတာ ရှောင်လွှဲလို့ရတဲ့အရာတစ်ခု မဟုတ်ပါဘူး။ တကယ်တော့အဲလိုတွေ့ဆုံကြရတာဟာ မတော်တဆမဟုတ်ပါဘူး။ တွေ့ဆုံခြင်းတွေက ဆိုးရွားခဲ့တယ်ဆိုရင်တောင် ဖြစ်ချင်တန်လို့ဖြစ်လာတာပဲလို့ ဖြေသိမ့်ရုံအပြင် ဘာမှမတတ်နိုင်ပါဘူး။ သေချာတာက လူတိုင်းရဲ့ဘဝမှာ မလွဲမသွေ ဒီလိုလူ (၇)မျိုးနဲ့ တွေ့ဆုံကြရမှာပါ။

အသဲခွဲသူ

အသဲခွဲသမားတွေဟာ ကျွန်ုပ်တို့ဘဝထဲကို ဝင်လာပြီး အားနည်းပျော့ညံံသွားအောင်၊ အတွေးတွေ ဗြောင်းဆန်သွားအောင်၊ သူတို့မရှိရင် မဖြစ်တော့သလို ခံစားရအောင်လုပ်ကြပါတယ်။ မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့သူတို့ဟာ ကျွန်ုပ်တို့အသဲကိုခွဲတယ်၊ စိတ်ဝိဉာဉ်တွေ ကျိုးပဲ့ပျက်စီးသွားအောင်လုပ်တယ်၊ လိမ်ညာမှုပေါင်းစုံသုံးပြီး သင်ခန်းစာတွေပေးတယ်။ ကျွန်ုပ်တို့ဘဝမှာ အသည်းခွဲသမားပေါင်းစုံနဲ့ တွေ့ကြရမှာပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ဘဝအတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ပေးခဲ့တာချည်းပါပဲ။ အသည်းကွဲလို့ စိတ်မပျက်ပါနဲ့။ အမှားတွေကို သင်ခန်းစာယူပြီး ဘဝကိုရှေ့ဆက်ပါ။

ထာဝရလူ

ထာဝရလူတွေဟာ ကျွန်ုပ်တို့ဘဝထဲမှာ တစ်သက်လုံးနေထိုင်ဖို့ ရောက်လာကြပါတယ်။ မိသားစုလည်း ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်းလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့တွေဟာ ကျွနု်ပ်တို့ကို ထောက်ပံ့ပေးဖို့၊ နှစ်သိမ့်အားပေးဖို့ ရှိပေးကြပါတယ်။ သူတို့တွေဟာ ကျွနု်ပ်တို့ကို နားအလည်နိုင်ဆုံး၊ ကျွနု်ပ်တို့ရဲ့ ဖြစ်တည်မှုကို လက်အခံပေးနိုင်ဆုံးသူတွေပဲဖြစ်ပါတယ်။ ကျွနု်ပ်တို့အတွက် အစားထိုးမရသူတွေပေါ့။

ပြေးသူ

ပြေးသူတွေဟာ ကျွနု်ပ်တို့ဘဝထဲကို ဝင်လာပြီး မြန်မြန်ပြန်ထွက်သွားတတ်ကြတယ်။ ကျွန်ုပ်တို့ဘဝထဲမှာ အဆိုးတွေလည်းပေးချင်ပေးခဲ့မယ်၊ အကောင်းတွေလည်း ထားချင်ထားခဲ့မယ်။ သေချာတာတစ်ခုကတော့ သင်ဘယ်လောက်ပဲ ဖက်တွယ်ထားပါစေ ပြေးသူတွေက ခဏလေးအတွင်း ထွက်သွားကြမှာပဲ။ ဒါကြောင့် သူတို့ကို ထွက်သွားခွင့်ပေးတာက ကျွနု်ပ်တို့ကိုနာကျင်စေတယ်ဆိုရင်တောင် ခွင့်ပြုတတ်ဖို့ သင်ယူပါ။ အနည်းဆုံးတော့ ပြေးသူတွေဟာ အသဲခွဲသူတွေလောက်တော့ နာကျင်အောင် မလုပ်တတ်ကြပါဘူး။

သတိပေးသူ

သတိပေးသူတွေဟာ ကျွနု်ပ်တို့ဘဝမှာ လုပ်ဖို့မေ့လျော့နေတဲ့အရာတွေကို သတိပေးဖို့ ဝင်လာတတ်ကြပါတယ်။ ကျွန်ုပ်တို့ဘဝရဲ့ အမှတ်ရစရာတွေရဲ့ အရိပ်အမြွက်တွေအဖြစ် ကျွန်ုပ်တို့နဲ့ မနီးမဝေးမှာ ရှိနေတတ်ကြပါတယ်။ တစ်ခါတလေကျတော့လည်း သူတို့ ကျွနု်ပ်ဘဝထဲက ထွက်သွားမှသာ မေ့နေတာတွေကို ပြန်သတိရလာတတ်ပါတယ်။

သင်ကြားသူ

သင်ကြားသူတွေက သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့အရာတွေကို ကျွန်ုပ်တို့ကို သင်ကြားပေးကြပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်လက်ခံတတ်ဖို့၊ ဘဝကိုရှေ့ဆက်နိုင်ဖို့ သင်ပေးပါလိမ့်မယ်။ သင်ကြားသူတွေဟာ ကျွန်ုပ်တို့ဘဝကို ကြီးကြီးမားမား ပြောင်းလဲပေးနိုင်ကြပါတယ်။

သင်ယူသူ

တစ်ခါတလေကျတော့လည်း ကျွန်ုပ်တို့မသိလိုက်ခင်မှာပဲ သင်ယူသူတွေအတွက် ကျွနု်ပ်တို့က သင်ပြသူတွေဖြစ်နေတတ်ပြန်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အပြုအမူ၊ အပြောအဆိုတွေကနေ သင်ယူသူတွေဟာ သူတို့ဘဝပြောင်းလဲစေတဲ့ အရာတွေကို သင်ယူရရှိသွားတတ်ကြပါတယ်။ ဒါကို ကျွန်ုပ်တို့ကလည်း သိချင်မှတောင် သိလိုက်မှာပါ။

အားပေးသူ

အားပေးသူတွေဟာ ကျွန်ုပ်တို့ဘဝမှာ မလုပ်နိုင်တာ မရှိဘူးဆိုတဲ့ခံစားချက်မျိုး ရှိလာအောင် လုပ်ပေးသူတွေပေါ့။ သူတို့ဟာ ကျွန်ုပ်တို့လိုအပ်နေချိန်မှာ အချိန်ကိုက်ရောက်လာပြီး ကျွနု်ပ်တို့ မှန်ရာကိုလုပ်နိုင်အောင်၊ အားနဲ့အင်နဲ့ ရှေ့ဆက်နိုင်အောင် ခွန်အားပေးသူတွေပါ။ ဒီလိုလူတွေဟာလည်း ကျွန်ုပ်တို့ဘဝအတွက် အလွန်အဖိုးတန်တဲ့သူတွေပါပဲ။

ဒီလူ(၇)မျိုးနဲ့တွေ့ခဲ့တယ်ဆိုရင် ကျေးဇူးတင်လိုက်ပါ။ ဘယ်တွေ့ဆုံခြင်းကမှ ကျွန်ုပ်တို့ဘဝအတွက် အလဟဿမဖြစ်ခဲ့ပါဘူး။

Ref; educateinspirechange.org

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top