လွန်ခဲ့သည့် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲတွင် လူမျိုးရေးဘာသာရေး လှုံ့ဆော်မှုများ မြင့်မားနေသည့်အကြောင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၎င်း၏ ပါတီဝင်များထဲမှ အစ္စလာမ်ဘာသာဝင်များကို ရွေးကောက်ပွဲတွင် ဝင်ရောက်ခွင့်မပြုခဲ့သော်လည်း ယခုနှစ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစ္စလာမ်ဘာသာကိုးကွယ်သူနှစ်ဦးကို ထည့်သွင်းထားသည်။
၎င်းကိုယ်စားလှယ်လောင်းနှစ်ဦးမှာ လူသိများထင်ရှားသည့် မန္တလေးတိုင်းဒေသကြီး NLD ပါတီဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်ဝင်းမြမြနှင့် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှ NLD ပါတီဝင် ကိုစည်သူမောင်ဖြစ်သည်။
ဒေါ်ဝင်းမြမြမှာ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ်ခံ မည်ဖြစ်ပြီး ၎င်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီချုပ်ပါတီ ခေါင်းဆောင်များကို လုပ်ကြံရန်ကြိုးပမ်းခဲ့ကြသည့် ၂၀၁၃ ဒီပဲယင်း အရေးအခင်းတွင် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူများထဲကတစ်ဦး အပါအဝင်ဖြစ်သည်။
၎င်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် သံဃာတော်များကို စစ်တပ်က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့သည့် ၂၀၀၇ ရွှေဝါရောင်ဆန္ဒပြမှုတွင်ထပ်မံပါဝင်ခဲ့ပြီး စစ်အစိုးရက သူ့အားပုဒ်မ ၅၀၅ (ခ)၊၁၅၃(က) စသည့် နိုင်ငံတော် တည်ငြိမ်ရေးနှင့်အေးချမ်းရေးကို နှောင့်ယှက်မှု ပုဒ်မဖြင့် ထောင်ဒဏ် ၁၂ ချမှတ်ခဲ့ပြီး ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုအကျဉ်းထောင်ကို ပို့ဆောင်ခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးတွင်ပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထားခဲ့ဖူးသော်လည်း ထိုစဉ်က နိုင်ငံရေး အခြေအနေအရ လျှောက်ထားလွှာကို ပြန်လည် ရုတ်သိမ်းခဲ့ရကြောင်း ယခု၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်များ၏ တာဝန်ပေးချက်အရ ပြန်လည် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဝင်းမြမြက ပြောသည်။
“ကျွန်မတို့သည် ဗမာလူမျိုးတစ်ယောက် အစ္စလာမ်သာသနာကို ကိုးကွယ်တယ်။ ကျွန်မတို့ နိုင်ငံ့အတွက်လုပ်မှာပဲ။ ဒီလွှတ်တော်ထဲမှာ လုပ်သင့်လုပ်ထိုက်တာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ပြည်တွင်း ငြိမ်းချမ်းရေးအတွက်၊ အကုန်လုံး သဟဇာတ ဖြစ်ရေးအတွက် ဒါတွေအကုန်လုံး လုပ်တဲ့ အခါမှာ၊ ဥပဒေပြုတဲ့ အခါမှာ ကျွန်မတို့က ဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပါဝင်သွားရမှာပါပဲ” ဟု ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရပြီး နာရီပိုင်းအကြာတွင် ၎င်းက Myanmar Now ကို ဖုန်းဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ၎င်းတို့ အစ္စလမ်ဘာသာဝင်များ မရွေးချယ်ခံရဘဲ လွှတ်တော်အတွင်း ကိုယ်စားပြုနိုင်ခွင့် မရရှိခဲ့ခြင်းမှာ ပါတီမူဝါဒနှင့်သက်ဆိုင်ခြင်းမရှိဘဲ ထိုစဉ်အချိန်က နိုင်ငံရေး အခြေအနေကြောင့်သာဖြစ်သည်ဟု ၎င်းကဆိုသည်။
“ပါတီခေါင်းဆောင်တွေက သင့်တော်သလို၊ရရင်ရသလို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဒီမိုကရက်တစ်ပါတီ တစ်ရပ် အနေနဲ့ ပေါ်ထွန်းအောင် ကျွန်မတို့ခေါင်းဆောင်တွေ ကြိုးစားနေတယ်လို့ ကျွန်မတို့ အစ္စာလာမ်သာသနာဝင်တွေ အားလုံးက ယုံကြည်ထားပါတယ်” ဟုလည်း ၎င်းကဆိုသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာကို ပြန်လည် ရုတ်သိမ်းခဲ့ခြင်းမှာ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ်သာသနာဝင်များကို စည်းရုံးရန် ညွှန်ကြားခဲ့၍ ဖြစ်သည်ဟု ၂၀၁၅ ရွေးကောက်ပွဲအပြီး တစ်ပတ်ခန့် အကြာကပြုလုပ်ခဲ့သည့် ဒီမိုကရက်တစ် ဗမာ့ အသံနှင့် တွေ့ဆုံခန်းတွင် ၎င်းကဖြေကြားခဲ့ဖူးသည်။
ဒေါ်ဝင်းမြမြကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခဲ့ရာတွင် အစ္စလာမ် ဘာသာဝင်ဖြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း စသည့် အချက်များပေါ်တွင် မစဉ်းစားဘဲ ၎င်း၏ ပါတီအပေါ် အနစ်နာခံခဲ့မှုနှင့်နိုင်ငံရေး အရည်အချင်းရှိမှုတို့ အပေါ်တွင်သာ ရည်ရွယ်စဉ်းစားခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။
“အခုသူ(ကိုယ်စားလှယ်လောင်း) လျှောက်တယ်။လျှောက်တဲ့ အပေါ်မှာ ကျွန်တော်တို့ စဉ်းစားပြီးတော့ အခြေအနေကို သုံးသပ်ပြီးတော့ ကျွန်တော်တို့ ပေးပါတယ်” ဟု၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူ ကိုစည်သူမောင်မှာလည်း ၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့ပြီး စစ်အစိုးရခေတ်က ထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်ရွေးချယ်ခံခဲ့ရသည့် အပေါ် ဦးစည်သူမောင်ကို Myanmar Now ကဆက်သွယ်မေးမြန်းခဲ့သော်လည်း ပါတီ ပြောရေးဆိုခွင့်ရှိသူကိုသာ မေးရန် ၎င်းကပြောသည်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်တွင် အစ္စလာမ်ဘာသာဝင် ၂၈ ဦးသာ ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ဦးမှ ရွေးချယ်ခံရခြင်း မရှိပေ။
ထိုအချိန်က အမျိုးသားရေး အစွန်းရောက်များနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက မြန်မာနိုင်ငံမှာ အစ္စလာမ်နိုင်ငံအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု အင်တာနက် စာမျက်နှာများနှင့် ယခင်ဦးသိန်းစိန်အစိုးရခေတ်က ပြဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေများ အောင်ပွဲ အခမ်းအနားများတွင် လှုံ့ဆော်ဟောပြောခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွှန့်က ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထိုအဖြစ်အပျက်မျိုး ကြုံတွေ့နိုင်ရဖွယ်ရှိပြီး ၎င်းတို့ကို ဝေဖန်နေသူများမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုသူ အမျိုးသားရေး အစွန်းရောက်များသာဖြစ်ပြီး ၎င်းတို့ မပြင်စေလိုသည့် အခြေခံဥပဒေ၏ ပေးထားချက်ကို မေ့လျှော့နေကြသူများဖြစ်သည်ဟု ပြောသည်။
“ခုလိုဝေဖန်နေတဲ့ ပုဂ္ဂိုလ်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ရှိအတိုင်းထားဖို့ လိုလားတဲ့ သူတွေပါ။လက်ရှိ အခြေခံ ဥပဒေဟာ ဘာသာ၊လူမျိုး၊အသားအရောင် ဒါတွေ အတွက် ခွဲခြားမှုကို လုံးဝ ခွင့်မပြုပါဘူး” ဟု၎င်းကပြောသည်။
“သူတို့ ထောက်ခံ ကာကွယ်နေတဲ့ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ အချက်ကို သူတို့က ပြန်ပြီး ကန့်ကွက်နေတာက ရှေ့နဲ့နောက် ပြောစကား မညီတာပဲဖြစ်ပါတယ် ” ဟု ၎င်းကဆက်ပြောသည်။
ဒေါ်ဝင်းမြမြက မဲဆန္ဒရှင်များတွင် အသားအရောင်ခွဲခြားမှု၊ဘာသာတရားခွဲခြားမှုများ ရှိနေမည် မဟုတ်ဘဲ လူသားဖြစ်တည်မှုအပေါ်တွင်သာ မဲပေး ရွေးချယ်သွားမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
ထို့ပြင် အမျိုးသားရေး အစွန်းရောက်များ၏ ဘာသာရေး လှုံ့ဆော်မှုများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေအတိုင်း ရွေးချယ်သွားမည်ဟု ယုံကြည်ကြောင်း ပြောသည်။
“ကျွန်မတို့ ကော်မရှင်ကိုလည်း ယုံကြည်ပါတယ်။နိုင်ငံရေးကို မမှန်မကန် အသုံးချသွားတဲ့ လုပ်ဆောင်ချက်ကို မဲကော်မရှင်ကလည်း ခံမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်