ကလေးတက္ကသိုလ်ကျောင်းသူအား သတ်ပြီးအလောင်းဖျောက်သူကို အလုပ်နှင့်ထောင်ဒဏ်နှစ် ၃၀ ချ
ကလေးတက္ကသိုလ် ကျောင်းသူအား သတ်ဖြတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုအတွက် တရာခံ ဈာန်မင်းထက်ကို ကလေးခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်၃၀ ချမှတ်ခဲ့ကြောင်း သိရသည်။
“ထိုက်သင့်တဲ့ ပြစ်ဒဏ်အတွက် ကျေနပ်တယ်”ဟု အသတ်ခံရသည့် မအေးချမ်းမွန်၏ မိခင် ဒေါ်နုနုယဉ်က 7 Day News သို့ပြောသည်။
ယနေ့ (ဇူလိုင် ၂၄ ရက်)က အမိန့်ချမှတ်သည့် ရုံးချိန်းကို ခပ်စောစောဆောင်ရွက်ခဲ့ပြီး ရဲတပ်ဖွဲ့အင်းအား အများအပြားဖြင့် လုံခြုံရေးရယူဆောင်ရွက်ခဲ့ကြောင်း ဒေါ်နုနုယဉ်က ဆိုသည်။
“တစ်မြို့နယ်လုံးက စောင့်ကြည့်နေတာ ဖြစ်သလို အခြားကူညီသူတွေလည်းလာပြီး လူစုလူဝေး မဖြစ်စေဖို့လို့သိရတယ် ” ဒေါ်နုနုယဉ်က ရှင်းပြသည်။
အဆိုပါ အမှု ဖြစ်စဉ်အရ ၂၀၁၉ စက်တင် ဘာ ၂၅ ရက်တွင် အသက် (၁၈) နှစ်အရွယ် မအေးချမ်းမွန် သည် တက္ကသိုလ် စာမေးပွဲနောက်ဆုံး ဘာသာဖြေဆိုစဉ် ရည်းစားဟောင်းဖြစ်သူ ဈာန်မင်းထက်က ဆက်သွယ်သဖြင့် ကလေးမြို့ ရှိ ကျီကုန်းကျေးရွာ ရေဆန်ကျွန်းဘုရားအနီးသို့ သွားရောက်ခဲ့သည်။
ထို့နောက် ဈာန်မင်းထက်က ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲ နေ၍ ငွေလိုပြီး မအေးချမ်းမွန် စီးနေသည့် ဆိုင်ကယ်ကို ရယူရန် လည်ပင်းညှစ်သတ်ကာ အလောင်းအား ချုံပုတ်အတွင်း ကနဦးဝှက်ခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။
ယင်းနေ့ညတွင်ပင် အလောင်းအား မြစ်သာမြစ်အတွင်း မျှောချဖျောက်ဖျက်ခဲ့ပြီး ဆိုင်ကယ်ကို အွန်လိုင်းမှ တစ်ဆင့် ငွေကျပ် ၁၀ သိန်းဖြင့် ရောင်းချခဲ့သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ ဈာန်မင်းထက်သည် မအေးချမ်းမွန်နှင့် ဆက်သွယ်မှုရှိသဖြင့် စုံစမ်းခဲ့ရာ အောက်တိုဘာ ၂ ရက်တွင် မန္တလေးမြို့ တည်းခိုခန်းတစ်ခု၌ တွေ့ရှိ၍ စစ်ဆေးခဲ့ပြီး ၎င်းက လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
ထို့အပြင် ဈာန်မင်းထက်သည် ခလရ (၃၆၄) မှ ထွက်ပြေးနေသည့် တပ်ပြေးတစ်ဦးဖြစ်သဖြင့် တပ်မတော်မှ ကနဦးစစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်တွင် ကလေးမြို့မ ရဲစခန်းသို့လွှဲပြောင်းပြီး လူသတ်မှု ပုဒ်မ ၃၀၂ ၊ အလောင်းဖျောက်မှု ပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ခဲ့သည်။
အမှုကို ကလေးခရိုင်တရားရုံးက ၂၀၂၀ ဇန်နဝါရီ ၁၆ ရက်တွင် စတင်စစ်ဆေးခဲ့ပြီး ခုနစ်လ ကျော်အကြာတွင် အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
အောင်ရဲကို, သက်အောင်
7DayNews