စစ်တပ်ဂေါက်ကွင်းဆောက်မည့် မြေဧက ၅၀၀ ကျော်ကိစ္စ ပဲခူးတိုင်းလွှတ်တော်တွင် ကန့်ကွက်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှာ စစ်တပ်ဂေါက်ကွင်းတည်ဆောက်မယ့် မြေဧက ၅၀၀ ကျော်ကို ပဲခူးတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် တဦးက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းပြီး ကန့်ကွက်လိုက်ပါတယ်။

သဲကုန်းမြို့နယ်ထဲက တံခွန်တိုင်အုပ်စုနဲ့ ကျေးသားအုပ်စုတွေရဲ့ အနောက်ဘက်မှာ တည်ရှိနေတဲ့ မြေနေရာတွေကို တပ်မတော်လက်အောက်ခံ တပ်မ ၆၆ က ရေပြာဆန်းဂေါက်ကွင်း တည်ဆောက်ဖို့အတွက် ‌မြေဧက ၅၀၀ ကို လျှောက်ထားခဲ့ပါတယ်။

အဲဒီအတွက်ကို သက်ဆိုင်ရာဌာနတွေက ခွင့်ပြုပေးထားပြီး ဒေသခံတွေ လျှောက်ထားတာကိုတော့ မြေလွတ်မရှိဘူးလို့ ပြောဆိုတာတွေ ရှိနေတဲ့ အတွက် လျှောက်ထားမှုကို ပယ်ဖျက်ပေးဖို့ ပဲခူးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ သဲကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်က ကြယ်ပွင့်ပြမေးခွန်းမေးပြီး ကန့်ကွက်ခဲ့တာပါ။

ဂေါက်ကွင်းအတွက် လျှောက်ထားမှုကို မြို့နယ်၊ခရိုင်နဲ့ တိုင်းအဆင့်တွေက ခွင့်ပြု ထောက်ခံပေးထားပြီး ပဲခူးတိုင်းနယ်လုံဝန်ကြီး ကိုယ်တိုင်က တင်ပြထားတာဖြစ်ပါတယ်။

အဲဒီလျှောက်ထားမှုဟာ နိုင်ငံတကာဂေါက်ကွင်းတွေရဲ့ အတိုင်းတာအရကွာခြားနေတာတွေ၊ မြေလွတ်မြေလတ်ဥပဒေ ပုဒ်မတွေနဲ့ကိုက်ညီမှု မရှိတာတွေကြောင့် တိုင်းတဆင့်အနေနဲ့ ပြန်လည် စိစစ်သင့်ကြောင်းကိုလည်း ပူးတွဲတင်ပြထားပြီး ရေရှည်မှာဒေသခံတွေအတွက်စိုက် ပျိုးရေးကွင်းတွေ၊ နွားစားကျက်မြေ ဆုံးရှုံးတာတွေနဲ့ တခြား မြေယာပြဿနာတွေ များစွာဖြစ်လာမှာကို စိုးရိမ်စရာရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီနေရာတွေကို ၂၀၁၃ ခုနှစ်လောက်ကတည်းက မြေလွတ်မြေလတ်လျှောက်ထားခဲ့သူတွေ ရှိခဲ့ကြပေမဲ့ သဲကုန်းမြို့နယ်ထဲမှာမြေလွတ်မရှိဘူးဆိုပြီး မြေစာရင်းဌာနကငြင်းထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အခုနေရာက ကျေးသားရွာနဲ့ တံခွန်တိုင်ရွာတွေက ကွင်းအမှတ် ၉၃၅၊ ၉၄၀၊ ၉၄၁ ကွင်းတွေဖြစ်ပြီး စုစုပေါင်း ၅၁၀ ဒသမ ၇၆ ဧကဖြစ်ပါတယ်။ အဲဒီမြေတွေက မြို့နယ်၊ ခရိုင် အဆင့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေက အရှုပ်အရှင်းကင်းကြောင်းတင်ပြလာမှုနဲ့ ဗဟိုအဆင့်ကို ဆက်လက်တင်ပြနိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့ရဲ့သဘောထားမှတ်ချက် ရယူဆောင်ရွက်သွား မယ်လို့ ပဲခူးတိုင်းလွှတ်တော်မှာ ပဲခူးတိုင်းစိုက်မွေးဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်က လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top