ဒီကနေ့ ကျရောက်တဲ့ ထိုင်းဘုရင့်မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံတဝန်းမှာ ဆုတောင်းစကားတွေနဲ့ ကျင်းပခဲ့ကြပါတယ်။
ထိုင်းဘုရင် ဝချီရာလောင်ကွန်းဟာ ဒီကနေ့မှာတော့ သက်တော် ၆၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်ကာ အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက မွေးနေ့ဆုတောင်းတွေနဲ့ ကောင်းမှုကုသိုလ်တွေပြုပေးရင်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
မြို့တော်ဘန်ကောက်မှာတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေအပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူတွေက ဘုန်းကြီးတွေကို မွေးနေ့အတွက် ရည်စူးပြီး မနက်ခင်းဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။
ဝန်ကြီးချုပ်က ပြည်သူတွေကိုလည်း ကုသိုလ်ကောင်းမှုတွေလုပ်ကာ ပါဝင်ကြဖို့ နှိုးဆော်လိုက်ပြီး ဇနီးဖြစ်သူနဲ့အတူ တော်ဝင်နန်းတော် အမှတ်တရစာအုပ်မှာ ဘုရင်ကြီးအတွက် မွေးနေ့ဆုတောင်းစာ ရေးမှတ်တမ်းတင်ခဲ့ကြတာပါ။
ဆာနမ်လောင်ကွင်းပြင်ထဲမှာတော့ ဘုရင်ကလှူဒါန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ ပြခန်းတွေကို ထားရှိပြီး လာရောက်ကြတဲ့ ပြည်သူတွေကို နှာခေါင်းစည်း (Mask) တပ်ဆင်လာစေတာတွေ၊ ကျန်းမာရေး စစ်ဆေးစေတာတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ပထုံဌာနီခရိုင်ထဲမှာတော့ ဒေသတွင်းတာဝန်ရှိသူတွေက ဘုရင်ကြီးမွေးနေ့အထိမ်းအမှတ် ကျောက်ဖယားမြစ်ထဲကို ငါးကောင်ရေ ၅ သိန်း ဘေးမဲ့လွှတ်ခဲ့ကြပါတယ်။
ချာချိုအင်ဆောင်ခရိုင်ထဲမှာတော့ သက်မွေးဝမ်းကျောင်းပညာ ကျောင်းသားတွေက မွေးနေ့အထိမ်းအမှတ် မော်တော်ဆိုင်ကယ်တွေ အခမဲ့ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို အခမဲ့ ပေးခဲ့ကြပါတယ်။
ဆူရတ်ဌာနီခရိုင်ထဲမှာတော့ ဘုရင်ကြီးမွေးနေ့အထိမ်းအမှတ်အဖြစ် မြစ်ထဲကို ငါး ကောင်ရေ ၆၉၉,၉၉၉ ကောင်လွှတ် ကုသိုလ်ပြုခဲ့ကြပါတယ်။