လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖြစ်ရပ်တွေကိုကြည့်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၄ဝ ဝန်းကျင်က ပြည်သူ့ရဲတပ်ဖွဲ့ကိုမြင်ယောင်မိပါတော့တယ်။
အဲဒီကာလ ရဲချုပ်ကသိန်းအောင်၊ ရဲစစ်စစ်ခေတ်က မဆလခေတ်၊ ရန်ကုန်တိုင်းမှာ ဦးခင်မောင်ထွန်း၊ ဦးသာဦး၊ ဦးမော်လွင်ထွန်းနဲ့ ဦးဝင်းမြင့်ဆိုပြီး ရဲအရာရှိတွေရှိတယ်။ အခုတော့ ရဲမှူးကြီးအဆင့်တွေနဲ့ အငြိမ်းစားယူသွားကြပါပြီ။
သူတို့ရဲ့အောက်မှာ ဦးကြည်စိုးထွန်း၊ ဦးဝင်းမောင်သန်းတို့လို ရဲအရာရှိတွေလည်းရှိခဲ့သလို ဒုစရိုက် နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုတင်လှိုင်တို့ အခြား တပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့ကြပါတယ်။ ဒုစရိုက်လောက ခိုး၊ ဆိုး၊ နှိုက်တွေကို လှုပ်မရအောင်နှိမ်နင်းနိုင်ခဲ့သလို ဖောက်ထွင်းမှုဖြစ်သွားရင် မြို့နယ်အခြေအနေကို ကြည့်ပြီး ဘယ်သူ့ကိုသွားဖမ်းဆိုတဲ့ တိကျတဲ့ညွှန် ကြားချက်တွေပေးနိုင်ခဲ့ပါတယ်။
သမ္မတဟောင်းဦးဘဦးရဲ့အိမ် ဖောက်ထွင်းခံရ တယ်။ ဘယ်သူ့လက်ချက်ဆိုတာ ချက်ချင်းသိပြီး ဖောက်ထွင်းဝိဇ္ဇာ မောင်ကျော်(ခ)ကျော်မောင်ကို လပိုင်းအတွင်း ဖမ်းနိုင်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ချက်ချင်း မိနိုင်ပေမဲ့ ဖောက်ထွင်းဝိဇ္ဇာမောင်ကျော်က မြန်မာ ပြည်အနှံ့ခရီးဆန့်နေလို့ နောက်ကျခဲ့တာပဲရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ လူသတ်မှုပဲဖြစ်ဖြစ်၊ ဖောက်ထွင်းမှု၊ လုယက််မှု၊ ဓားပြမှုပဲဖြစ်ဖြစ် ပြည်သူ့ရဲက အမှုကို လျင်မြန်စွာဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွမ်းကျင်သူတွေရှိကြလို့ပါပဲ။
CID ဆိုတဲ့ တပ်ဖွဲ့ကြီးက ငွေတုလုပ်ငန်းနဲ့ ပတ်သက်ပြီး အသွင်ယူစုံစမ်းဖော်ထုတ်နိုင်ခဲ့တဲ့ဖြစ်စဉ် တွေရှိပါတယ်။ မြို့နယ်ရဲ၊ တိုင်းရဲတွေ မဖော်ထုတ် နိုင်တဲ့မှုခင်းပေါင်းများစွာကို CID တပ်ဖွဲ့က ဖော်ထုတ် နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေ မြောက်မြားစွာရှိပါတယ်။
ရန်ကုန်တိုင်းမှာ စာရေးသူတို့တာဝန်ထမ်းဆောင်စဉ်က စမထလ၊ ဒနဆိုပြီး ဌာနတွေရှိတယ်။ စမထလနောင်မှာ ထလရ/နိုင်ဖြစ်ခဲ့တဲ့ ဌာနစုဟာ နယ်မြေသတင်းစုဆောင်းပြီး ရေးသားတင်ပြ၊ ဒနက ဖော်ထုတ်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တွေမှ အများကြီးပါ။ တာဝန်ယူထားသူတွေက ရဲစစ်စစ်တွေဖြစ်ကြပါတယ်။ ၁၉၇၉ ခုနှစ်မှာ တပ်ကရဲကို အသွင်ပြောင်းပြီးရောက်လာတဲ့ နေပြည်တော်ရဲလို့ ခေါ်ခံခဲ့ရတဲ့အချိန်ထိ ရဲတပ်ဖွဲ့ရဲ့စွမ်းဆောင်ရည် ကျမသွားခဲ့ပါဘူး။ သူ့ကဏ္ဍနဲ့သူ မှုခင်းတွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
ဥပမာပြောရရင် လမ်းမတော်က မော်လမြိုင်ဦး မျှား အိမ်ဖောက်ထွင်းခံရမှုမှာ အဲဒီကာလ ရဲအုပ်ဦးသာဦးနဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကြောင့် လျင်မြန်စွာတရားခံတွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ပြစ်မှုတခုက လူသတ်၊ သေတ္တာထဲထည့် ဗိုလ်ချုပ်စျေးသစ်ထဲ လာပစ်ထားတဲ့အမှုတမှု လပိုင်းအတွင်းဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ နာမည်ကျော် ဘားလမ်းလူသတ်မှု ဆိုင်လင်ဇာနဲ့ပစ်သွားတာ CID နဲ့ ရန်ကုန်တိုင်းရဲတို့ ပူးပေါင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဖောက်ထွင်းမှုတွေ၊ ခါးပိုက်နှိုက်မှုတွေ၊ လုယက်မှု၊ ခိုးမှုတွေဆိုရင် ချက်ချင်းဖော်ထုတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဏ္ဍတိုင်းမှာကျွမ်းကျင်သူ တွေရှိခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဖောက်ထွင်းမှုဖြစ်ရင် ဘယ်သူ့ကိုကိုင်တွယ်ရင် မိမယ်၊ ခါးအမှုဆိုရင် ရန်ကုန်မြို့ထဲမှာ ဗိုလ်ချုပ်စျေးအနောက်ဘက်တန်းက ကော်ဖီဆိုင်မှာ စတည်းချတဲ့ ခါးအဖွဲ့ခေါင်းဆောင်၊ အင်းစိန်လမ်းတလျှောက် မြေနီကုန်းဝန်းကျင် ကား ပေါ်မှာ လမ်းပေါ်မှာ စျေးထဲမှာ ခါးပိုက်နှိုက်ခံရရင် မြေနီကုန်း၊ တပင်ရွှေထီးရုပ်ရှင်ရုံနားက လက်ဖက်ရည်ဆိုင်မှာ အထိုင်ချတဲ့ဂိုဏ်းစတားကြေးမုံကိုခေါ် မေးလိုက်တာနဲ့ ပစ္စည်းပြန်ရတာမျိုး တရားခံမိတာမျိုးတွေရှိသလို လှိုင်၊ ကမာရွတ်၊ အင်းစိန်လမ်းတကြောမှ ခါးပိုက်နှိုက်ခံရပြီဆိုရင် လမ်းကြောင်းပေါ်မှာ လှိုင်ရဲစခန်းရှိပေမဲ့ တခါမှမမိပါဘူး။ ဒါပေမဲ့ အမှုပေါ်လာပြီဆိုတာနဲ့ ခေါင်းဆောင်ကြီးမြင့်ကို ခေါ်ယူမေးမြန်း စစ်ဆေးလိုက်တာနဲ့ တရားခံလိုချင်လား၊ ပစ္စည်းလိုချင်လား ချက်ချင်းရမှာ ဖြစ်ပါတယ်။
ဟိုတုန်းက ရဲမှာကြိုတင်ကာကွယ်မှု ၅၄ ဆိုတာ ရှိတယ်။ ခိုးဆိုးနှိုက်တွေကို ဒီပုဒ်မနဲ့ ကိုင်ထားတယ်။ တပေါင်းပွဲ၊ သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတွေမှာ နာမည်ကြီးတွေကိုခေါ်ယူထိန်း သိမ်း ဂါတ်လှည့်တာမျိုးတွေရှိတယ်။ ရန်ကုန်မှာ ဟိုဘက်ခေတ်က ၃၂ ဂါတ်ရှိတယ်။ တဂါတ်ကို ရမန်ကြီးတပတ် ၁၄ ရက်လှည့်တဲ့ အလေ့အထတခုရှိတယ်။ ခိုးဆိုးနှိုက်၊ လုယက်နာမည်ကြီးသူတွေ အလွန်ကြောက်ကြတယ်။
တနည်းပြောရရင် ရဲတပ်ဖွဲ့က နိုင်ငံအနှံ့မှုခင်း ဖော်ထုတ်မှုတွေလျင်မြန်တယ်။ လူသတ်မှုဖြစ် ချက်ချင်းမိတယ်။ ရဲဖော်ထုတ်လို့မရတဲ့မှုခင်းဆိုတာ မရှိခဲ့ပါဘူး။ ၈၈ ခုနှစ်နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ထဲရောက်လာတဲ့ မိုးကျရွှေကိုယ်တွေကြောင့် ရဲပုံရိပ်လည်းကျသွားပါတယ်။
မိုးကျရွှေကိုယ်တွေကို ရဲစစ်စစ်က ဘယ်လိုခေါ်ကြသလဲဆိုတော့ နှစ်ခါငိုသူတွေလို့ ခေါ်ကြတယ်။ ပြောင်းလာခါစက မပြောင်းချင်လို့ တခါငိုတယ်။ ရောက်ပြီး အနေကြာတော့ တခါငိုတယ်၊ ရောက်တာနောက်ကျလို့ပေါ့။
ရဲတယောက်ရဲ့လုပ်ပိုင်ခွင့်ဟာ လူတယောက် မိခင်ဝမ်းထဲသန္ဓေတည်ရာမှ သေဆုံးသည်အထိ တာဝန်ရှိတယ်။ နယ်ထိန်းတယောက်ဟာ မိမိတာဝန်ကျတဲ့မြို့နယ်အတွင်းက မည်သူကိုမဆို ရဲစခန်းခေါ်ယူ စစ်ဆေးမေးမြန်းပိုင်ခွင့်ရှိတယ်။ ဒီလိုရှိတာကို ရဲစစ်စစ်တွေက လိမ္မာပါးနပ်စွာသုံးကြတယ်။ မိုးကျရွှေ ကိုယ်တွေက အနိုင်ကျင့်ကြတယ်။ ရဲစစ်စစ်တွေမွေးထားသူတွေကို မိုးကျရွှေကိုယ်တွေက တလွဲအသုံးချ ကြတယ်။ ဆိုတော့ ရဲဆိုရင် အသံမကြားချင်လောက်အောင်ဖြစ်လာတယ်။ ယခင်က ရဲဆိုတဲ့အသံကြားရင် ရှောင်တိမ်းသူတွေက အခုဆိုရင် ရဲဆိုတာနဲ့ရိုက်ဖို့ ပြေးလာတယ်။ သတ်ဖို့ပြေးလာကြပါတယ်။
ယခင်က ရဲတပ်ဖွဲ့မှာ ရာထူးတိုးဖို့အလွန်ခက်ပါတယ်။ မြို့နယ်အဆင့်စခန်းမှူးဆိုတာ တပွင့်အပြာခံ။ ခုဆိုရင် ဒုရဲမှူးရဲမှာ ယခင်ကသုံးပွင့်က ရဲအုပ်ကြီး၊ မြို့နယ်မှူးတပွင့်က ရဲအုပ်ကြီး(ဒုရဲမှူး)ဖြစ်ဖို့ အလွန်ကြာသလို ရဲစစ်စစ် ရဲချုပ်ဖြစ်ဖို့ဆိုတာလည်း အလွန်တော်မှဖြစ်တာပါ။
ပြီးတော့ ရဲစစ်စစ်တွေက ဒုရဲအုပ်သင်တန်း၊ မန္တလေးဆပ်ကျောင်းမှာတက်ကတည်းက ဝါရင့်ဆရာတွေက ရဲအရာရှိတယောက်ဆောင်ရန်၊ ရှောင်ရန်တွေကို စနစ်တကျသင်ကြားပေးလိုက်ပါတယ်။ ဇတ်တူ သားဘယ်တော့မှ မစားကြပါဘူး။ ပြီးတော့ လက်အောက်ငယ်သားကို အနိုင်မကျင့်ဘူး။
လတ်တလောဖြစ်ပေါ်နေတဲ့ ရဲရာထူးခန့်ချုပ်ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိရဲတပ်ဖွဲ့မှာ တာဝန်ထမ်းနေဆဲ မိတ်ဆွေတဦးက စာရေးသူကို အခုလိုပြောပြပါတယ်။
ဒီလူက အောက်ခြေကတပ်ဖွဲ့ဝင်တွေကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်ကွပ်ပါတယ်။ အပြောင်းအရွှေ့ အလွန်ကြမ်းတယ်။ အနေကြာတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ပြောင်းခိုင်းပါတယ်။ ဝန်ထမ်းဆို တာတော့ ကမ်းနားသစ်ပင်ပဲပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမယ်ဆိုတာ နားလည်ကြပါတယ်။ အမိန့်ထွက် တာနဲ့ ချက်ချင်းပြောင်းဆိုတာကတော့ တဖက်မှာလည်း အခက်အခဲတွေဖြစ်ကြရတယ်။ အထူးသဖြင့် သားသမီး၊ ပညာရေးပေါ့။ နောက်တခုက ပြောင်းရွှေ့စရိတ်။ ယနေ့ခေတ် ဒုရဲအုပ်အဆင့် နယ်ပြောင်းရင် အနည်းဆုံး သိန်းဆယ်ချီပြီး ကုန်ကျပါတယ်။ ပေးတာ ကမစို့မပို့ တပ်ဖွဲ့ဝင်တယောက်ထဲ ပြောင်းရတာ မဟုတ်၊ မိသားစုဝင်တွေအားလုံး ပြောင်းရတာလေ။ ပြောရရင် အခက်အခဲတွေအများကြီးကြုံရကြောင်း၊ နောက်တခုက ခုရက်ပိုင်းဖြစ်တဲ့ ရဲမှူးချုပ်သုံးယောက် တယောက်ကထောင်ကျ၊ တယောက်က ပြုတ်၊ တယောက်ကတော့ ရာထူးတိုးပေးမယ်၊ နေချင်တဲ့ နေရာမှာနေဖို့ လုပ်ပေးမယ်ဆိုပြီး ဒုရဲအုပ်ရဲမေသုံး ယောက်နဲ့ ရဲမှူးတယောက် ခေါ်အိပ်သတဲ့။ ပျဉ်း မနားက အဲဒီရဲမှူးချုပ်ပိုင်တဲ့ ဟိုတယ်ကိုခေါ်ပြီး တခန်းစီပေးပြီး အိပ်သတဲ့ဗျာ။ ပြီးတော့ နေပြည်တော်မှာ နေချင်ပါတယ်ဆိုတဲ့ ဒုရဲအုပ်မလေးကို ဧရာဝတီတိုင်းကို ပြောင်းပစ်တယ်။ အဲဒီမှာ တိုင်တော့တာပါပဲ။ ဒီလူက ရဲတွေကိုရာထူးတိုးမြှင့်ရေးမှာ ဒုက္ခပေးနေသူပေါ့။ သိန်း ၂ဝ ပေးမှ သိန်း ၃ဝ ပေးမှ ရာထူးတိုးပေးတာဗျ”
စာရေးသူတို့ ရဲတပ်ဖွဲ့မှာနှစ်ပေါင်း ၂ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ရာထူးတက်ဖို့လည်း မပေးခဲ့ရဘူး။ တာဝန်ကျနေရာအတွက်လည်း မပေးခဲ့ရဘူး။ အချိန်တန်ရင် တိုးရမယ်၊ ရာထူးတိုးပါတယ်။ စာရေးသူတို့ တာဝန်ကလည်းကြီးပါတယ်။ လစာလေးရာကျော်နဲ့ ဘဝကိုရပ်တည်နိုင်ခဲ့သလို အများ ကြားမှာလည်း ဝင့်ကြွားစွာနေထိုင်ခွင့်ရခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကြီးကောင်းမွန်အောင် အများလေးစားယုံကြည်ရတဲ့ တပ်ဖွဲ့ကြီးတခုပြန်ဖြစ်လာအောင် စနစ် တကျပြန်လုပ်ရပါတော့မယ်။ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုထဲမှာ ရဲတပ်ဖွဲ့ကတော့ တာဝန်ချိန်က လွဲရင် အမိန့်နဲ့အုပ်ချုပ်လို့မရတဲ့ အဖွဲ့အစည်းကြီးတခု ဖြစ်ပါတယ်။ ညီညီညွတ်ညွတ်နဲ့ မှုခင်းတွေဖော်ထုတ် လုပ်ပိုင်ခွင့်တွေ ပြန်ချပေး။ ရဲဆိုတာ ဘယ်လိုဆိုတာသိအောင် သင်တန်းတွေပို့ချ။ ဒါဆိုရင် လက်ရှိဖြစ် ပေါ်နေတဲ့ အကျပ်အတည်းတွေက လွတ်မြောက်မှာဖြစ်ကြောင်း တပ်ဖွဲ့ဝင်ဟောင်းတယောက်အနေနဲ့ စေတနာနဲ့ အကြံပြုတင်ပြလိုက်ရပါတယ်။
ထွန်း(နေပြည်တော်)