လွန်လေခဲ့သောနှစ်ပေါင်း(၆၀)ကျော်ကတကယ့်ဆရာဝန် ရွှေဓားဗိုလ် ၏ ဓားမှတ်တမ်း { သို. } နာဂ သိန်းလှိုင်

လွန်လေခဲ့သောနှစ်ပေါင်း(၆၀)ကျော်ကတကယ်ဆရာဝန်ရွှေဓားဗိုလ် ၏ ဓားမှတ်တမ်း { သို. } နာဂ သိန်းလှိုင်

နာဂသိန်းလှိုင်ဟုဆိုလျှင် ဆေးပညာလောကတစ်ခုလုံး မသိသူမရှိ။ နယ်စပ်တောင်တန်းမှ စေတနာရှင်ဆရာ၀န်ကြီး။ ခွဲစိတ်ကုသမှုများ၏ မေတ္တာရှင်ကြီး။ လူနာများစွာတို့ ရင်ထဲမှာ နာဂသိန်းလှိုင် ကျန်ရှိနေသည်။ မည်သို့ခေတ်ပြောင်းပြောင်း သူ့ပုံရိပ်က သူနှင့်ဆုံစည်းဖူးသူတို့ နှလုံးသားမှာ ထင်ဟပ်နေဆဲ။ သူ့ဘ၀ သူ့အကြောင်း၊ သူ့ဆောင်ရွက်ချက်များသည် တစ်ချိန်က မြန်မာပြည်တစ်၀န်း ဟိုးဟိုးကျော်ခဲ့သည်။ လာမည့် နို၀င်ဘာလ ၃ ရက်တွင် သူ့အသက်က (၈၂)နှစ် ပြည့်တော့မည်။

သူသည် ဆေးကျောင်းသားဘ၀မှာ နိုင်ငံရေးနှင့် ဆက်နွှယ်ဖူးခဲ့သည်။ ၁၉၅၇ ခုနှစ် ဆေးကောလိပ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးတာ၀န်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ တွင် မြန်မာနိုင်ငံလူငယ်ဆရာ၀န်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာ၀န်ပင် ထမ်းဆောင်ကာ အလုပ်သင်ဆရာ၀န်ဘ၀တွင် အစိုးရထောက်ပံ့ကြေးမရသည့် အလုပ်သင်ဆရာ၀န်များအတွက် ဦးဆောင်သပိတ်မှောက်ခဲ့သည်။

ထိုလုပ်ရပ်များကြောင့် သူရည်မှန်းထားသည့် ခွဲစိတ်ဆရာ၀န်တစ်ဦးအဖြစ် အိပ်မက်ကို လက်လွှတ်ခဲ့ရသည်များရှိသည်။ ဒေါက်တာသိန်းလှိုင်သည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းဌာနတွင် သင်္ဘောဆရာ၀န်အဖြစ် တစ်နှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မြိတ်မြို့နယ် လက်ထောက်ဆရာ၀န်အဖြစ် ပြန်လည်၀င်ရောက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အဆောင် (၃/၄)၏ တာ၀န်ခံဆရာ၀န်၊ ဆရာကြီး ပါမောက္ခဒေါက်တာဦးဘသန်း၏ ပထမလက်ထောက်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရှေ့ဘက်ခွဲစိတ်ဆောင်ကြီးကြပ်သူ စသဖြင့် တစ်နှစ်စီဆောင်ရွက်ခဲ့သည်။

ရဲစွမ်းသတ္တိနှင့် စွန့်ဦးတီထွင်နိုင်မှုရှိသည့် ဆရာ၀န်လေး ဒေါက်တာသိန်းလှိုင်သည် သူ၏အထက်အရာရှိများနှင့် အဆင်ပြေသူတော့မဟုတ်ပေ။

၁၉၆၅ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြစ်ပေးသည့်အနေဖြင့် လူငယ်ဆရာ၀န်လေး ဒေါက်တာသိန်းလှိုင်ကို မည်သည့်ဆရာ၀န်မှ ကြာကြာမနေနိုင်သည့် ဝေးလံခေါင်ဖျား ခန္တီးအရပ်ဒေသသို့ ပို့ဆောင်လိုက်ခြင်းက ဆရာ၀န်ကြီးနာဂသိန်းလှိုင်ဟူ၍ အမည်ကျော်ကြားလာစရာဖြစ်ခဲ့သည်။

သူသည် ခွဲစိတ်ကုသခြင်းအလုပ်ကို ပေပေါင်းများစွာမြင့်မားသော၊ မိုင်ပေါင်းများစွာ ဝေးကွာသော တောင်ပေါ်ကျေးရွာများသို့ ခြေလျင်ခရီးဖြင့် လနှင့်ချီ သွားရောက်လုပ်ကိုင်လေ့ရှိသည်။ ထိုစဉ်က နာဂတောင်တန်းဒေသတွင် အဖြစ်များနေသည့် လည်ပင်းကြီးရောဂါနှင့် အခြားခွဲစိတ်လူနာများကို အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့သည်။

ဆရာကြီးသည် နာဂတောင်တန်းတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ခွဲစိတ်ကုသမှုကို လက်မခံလိုသည့် နာဂလူမျိုးများကို သဘောပေါက်နားလည်စေရန် ပြောဆိုရှင်းပြစည်းရုံးခဲ့ရသည်။ နောက်ဆုံးတွင် လူနာခွဲစိတ်မှုကို လက်မခံလိုကြသဖြင့် ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့ရလေသည်။

လူနာသေဆုံးသွားပါက ဆရာ၀န်ကြီးနှင့်အတူ လိုက်ပါလာသည့် မိတ်ဆွေအဖော်တို့ ခေါင်းကိုဖြတ်မည်ဟု လည်ပင်းထက် ဓားမိုးလျက်က ကုသပေးခဲ့ရခြင်း ဖြစ်သည်။ ခွဲစိတ်ကုသမှုများ အောင်မြင်လာသည့်အခါ ဆရာ၀န်ကြီးခေါင်းကို နာဂလူမျိုးများထံ အပေါင်ထားစရာမလိုတော့။ ခွဲစိတ်လိုသည့်လူနာများစွာ သူ့ရှေ့မှာ တန်းစီလာတော့သည်။

ထိုစဉ်က နာဂတိုင်းရင်းသားများမှာ နတ်ကိုးကွယ်သည့်ဓလေ့ရှိကြသဖြင့် ရောဂါတစ်ခုခုဖြစ်တိုင်း နတ်ဆရာထံ သွားရောက်ကာ နတ်ပသခြင်း၊ ယဇ်ပူဇော်ခြင်းတို့ ပြုလုပ်ကုသလေ့ရှိကြသည်။ သူတို့၏ နတ်မင်းကြီးများက လည်ပင်းကြီးရောဂါကိုမူ ပျောက်ကင်းအောင် မကုသပေးနိုင်ခဲ့ပေ။ တကယ်တမ်းပျောက်အောင် ကုသပေးသူမှာ ဒေါက်တာသိန်းလှိုင်ဖြစ်သည်။ ထုိ့ကြောင့် နာဂများက ဒေါက်တာသိန်းလှိုင်သည် သူတို့ကိုးကွယ်သည့် နတ်များထက် မြင့်မားသည့် နတ်တစ်ပါးဖြစ်သည်ဟု မှတ်ယူလိုက်ကြပြီး ‘‘နာဂနတ်’’ဟူသည့် အမည်တွင်သွားလေသည်။ သူ့ကို နာဂတိုင်းရင်းသားများက ဖြူစင်သည့် နှလုံးသားရှိသော နတ်တစ်ပါးပမာ ကိုးကွယ်ခဲ့ကြသည်။

နာဂနတ်သည် မပြည့်စုံသည့် ဆေးဝါး၊ ပစ္စည်းကိရိယာများဖြင့် ဖြစ်အောင်လုပ်သည်။ သူ့လူနာများကို မေ့ဆေးဖြင့် ခွဲစိတ်ခြင်းမဟုတ်ဘဲ ထုံဆေးပညာဖြင့်သာ ခွဲစိတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ခွဲစိတ်နေစဉ် လူနာသည် စကားပြောနိုင်သည်။ သူက ခွဲစိတ်နေဆဲမှာလူနာကို သီချင်းပင် ဆိုခိုင်းထားသေးသည်။

သူ့ခွဲစိတ်ခန်းသည် ကျေးလက်ဆေးပေးခန်းကလေးအတွင်းမှာလည်း ဖြစ်နိုင်သည်။ အရိပ်အာဝါသကောင်းသည့် အပင်ကြီးတစ်ခုအောက်မှာလည်း ဖြစ်နိုင်သည်။ နာဂရိုးရာအိမ်တစ်လုံးပေါ်မှာလည်း ဖြစ်နိုင်သည်။ မြေကွက်လပ်လေးတစ်ခုမှာလည်း ဖြစ်နိုင်သည်။ မည်သည့်နေရာမှာမဆို ခရီးသွားရင်း လမ်းကြုံခွဲစိတ်ပေးရသည့်အခါလည်း ရှိသည်။ သူ ခွဲစိတ်နေသည်ကို နောက်မှ ဓားမိုးထားသည့်သူလည်း ရှိသည်။ ဘေးမှ ဝိုင်း၀န်းကြည့်ရှုနေသည့် လူအုပ်ကြီးလည်း ရှိတတ်သည်။

‘‘ခွဲတာကို လူအုပ်ကြီးက လက်ပိုက်ပြီးကြည့်နေတာ နတ်ပွဲတစ်ပွဲလိုပဲ’’ဟု သူက ပြန်ပြောပြသည်။

ထိုစဉ်က နာဂတောင်တန်းတစ်ခွင်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်က လည်ပင်းကြီးရောဂါဖြစ်နေကြသည်။ ဆရာ၀န်ပေါက်စ ဒေါက်တာသိန်းလှိုင်သည် ထိုနယ်မှ တိုင်းရင်းသားများတွင် ဖြစ်ပွားနေသည့် အဖုအကျိတ်မှန်သမျှကို ခွဲစိတ်နိုင်ရန် အပင်ပန်းခံလေ့လာခဲ့ရသည်။ ခွဲစိတ်ရာတွင် ပစ္စည်းချို့တဲ့သည်။ အပ်မရှိ။ ချည်မရှိ။ ဝါးပိုးဝါးခုတ်၍ ထမင်းစားသည့် တူအရွယ်ဖြစ်အောင် ဖန်တီးကာ ထိုမှတစ်ဆင့် အပ်ဖြစ်အောင်၊ ဝါးချည်မျှင်ဖြစ်အောင် ကိုယ့်ဘာသာ ကြံဆဖန်တီးခဲ့ရသည်ဟု ဆိုသည်။

သူသည် နာဂတောင်တန်း၏ ကျန်းမာရေးကဏ္ဍကို တာ၀န်ယူရင်း ရိုးရာယုံကြည်လွဲမှားမှု အချို့ကိုလည်း ထိန်းသိမ်းပေးခဲ့သည်။ တာ၀န်ကျရာ ခန္တီးဆေးရုံတွင် ကုသလိုက်၊ တောင်ပေါ်ကျေးရွာများသို့ လှည့်လည်ကုသလိုက်ဖြင့် ခြောက်နှစ်ကျော် ခုနစ်နှစ်တာကာလကို တောင်တန်းပေါ်၌ ကုန်လွန်စေခဲ့သည်။ နာဂရိုးရာ၀တ်စုံကို ၀တ်ဆင်လျက် ဒေသခံများနှင့် တစ်သားတည်း နေထိုင်သွားလာ အိပ်စက်ခဲ့သည်။

‘‘ထမင်းမစားရဘဲ တောင်ပေါ်လှည့်ပတ်သွားနေတာ။ ထမင်းက မစားချင်လို့မဟုတ်ဘူး။ ကျွေးမယ့်လူကိုမရှိတာ။ ပိန်း၊ လူး၊ ပြောင်း.. ဒါတွေပဲရှိတယ်’’ဟု ယခုအခါ အသက်(၈၀)အရွယ် ရှိပြီဖြစ်သည့် ဒေါက်တာသိန်းလှိုင်က ပြောသည်။

ဒေါက်တာသိန်းလှိုင်သည် နာဂတောင်တန်းတွင် အဆီအကျိတ်များ၊ အလုံးအကျိတ်မျိုးစုံ၊ အူကျခြင်းနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည့် အကျိတ်ပေါင်းစုံကို ခွဲစိတ်ကုသခဲ့ရသည်။ ထိုသို့ ကုသရာတွင် ထုံဆေးကို ရှိသမျှနှင့် ဖြစ်အောင် လုပ်ရခြင်းဖြစ်ပြီး ယခု Ambulatory Surgery ဟုခေါ်သည့် မေ့ဆေးမပါသည့် ခွဲစိတ်နည်းကို တီထွင်နိုင်ခဲ့သည်။

အလုပ်သင်လူငယ်ဆရာ၀န်များ လစာတိုးရေး ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သည့်အတွက် လက်တွေ့ဆင်းနေရခြင်းကို ဖြုတ်ခံရသောကြောင့် သူဖြစ်ချင်သော ခွဲစိတ်ကုဆရာ၀န်ဘ၀နှင့် ဝေးခဲ့ရသော်လည်း သူသည် မိမိ၏လုပ်ဖော်ကိုင်ဖက်များက အသိအမှတ်မပြုလျှင်သော်မှလည်း ကိုယ့်လူနာများက အသိအမှတ်ပြုခံရသည့် ခွဲစိတ်ကုဆရာ၀န်တစ်ဦး ဖြစ်လာစေရန် တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဒေါက်တာသိန်းလှိုင် နာဂတောင်တန်းပေါ်သို့ စတင်ရောက်ရှိစဉ်က သူ၏ဆေးရုံတွင် လူနာမရှိ။ သူနှင့်အတူ သူနာပြုဆရာမတစ်ဦး၊ စာရေးတစ်ဦးနှင့် ညစောင့်တစ်ဦးသာရှိသည်။ သူသည် ဒေသခံများနှင့် အကျွမ်း၀င်အောင် လုပ်ဆောင်ရင်း ယုံကြည်ကိုးစားမှု ရလာခဲ့သည်။ အသပြာမယူဘဲ မေတ္တာဖြင့် ကုသပေးသောကြောင့် သူ့အမည်မှာ တောင်တန်းတစ်ခွင် ကျော်ကြားလာခဲ့သည်။ သူကလည်း အားလျှင်အားသလို ရွာစဉ်လှည့်၍ ဆေးကုသပေးသည်။ ခွဲစိတ်ရက်သတ်မှတ်ထားခြင်းမရှိဘဲ လိုအပ်သည့်အချိန်တွင် ခွဲစိတ်ပေးသည်သာဖြစ်သည်။

ဆရာ၀န်ကြီးဒေါက်တာနာဂသိန်းလှိုင်သည် ထုံဆေးပညာသီးသန့်ဖြင့် မေ့ဆေးမသုံးဘဲ ခွဲစိတ်ခဲ့သည့် လူနာပေါင်းမှာ အနားယူချိန် ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း (၄၇)နှစ်အတွင်း ၂၈၉၅ ဦး ရှိခဲ့ပါသည်။ လူနာများကို ခွဲစိတ်ရာတွင်လည်း သူ့ခွဲစိတ်မှုကြောင့် သေဆုံးသူတစ်ဦးမှမရှိခဲ့ဟု သိရသည်။ ထို့အပြင် လူနာကို ခွဲစိတ်နေရင်း အရေးပေါ် သွေးလိုအပ်ပါက မိမိနှင့် သွေးအုပ်စုတူသည့် လူနာကို မိမိသွေးဖောက်၍ ချက်ချင်းသွင်းပေးခဲ့မှုများလည်း မနည်းပေ။

‘‘ငါ ခွဲနေရင်းသေတဲ့ မသာတစ်ယောက်မှမရှိဘူး။ လိုအပ်ရင် သွေးချက်ချင်းထုတ်၊ ချက်ချင်းသွင်းပြီး ကိုယ့်ဘာသာခွဲတဲ့ ဆရာ၀န် ငါတစ်ယောက်ပဲရှိတယ်’’ဟု ဆရာ၀န်ကြီးက ပြောပါသည်။

မှတ်မှတ်ရရ နာဂတောင်တန်းသို့ စရောက်ပြီး ပထမဆုံး စတင်ခွဲစိတ်ရသည့် လူနာမှာ မအေးရှင်ဟူသည့် အမျိုးသမီးကြီးဖြစ်သည်။ လည်ပင်းကြီးရောဂါဖြစ်နေသည့် မအေးရှင်က ခွဲစိတ်ရန်လာခြင်းမဟုတ်ဘဲ လေဆေး လာတောင်းခြင်းဖြစ်သည်။ ဒေါက်တာက လေဆေးလိုချင်ပါက လည်ပင်းကြီးခွဲစိတ်ရမည်ဟု တိုက်တွန်းသော်လည်းမရဘဲ လေဆေးမပေး၍ စော်ဘွားကြီးဦးစဝ်မြတ်စိန်ထံ သွားတိုင်လေသည်။

နောက်ဆုံးတော့ စော်ဘွားကြီး၏ ညှိနှိုင်းပေးမှုဖြင့် မအေးရှင်ကို ခွဲစိတ်ရန်ဖြစ်လာသည့်အခါ ဒေါက်တာသိန်းလှိုင်တွင် အကူဟူ၍ နော်မူကြည်ဟူသည့် ဆရာမတစ်ဦးသာရှိသည်။ ခွဲခန်းမှာမူ အသုံးမပြု၍ ထင်းများစုပုံထားသည့်အခန်း ဖြစ်နေသည်။ အ၀တ်အစား၊ အခင်း၊ ခွဲစိတ်ရန်ပစ္စည်း ဘာမှမရှိ။ ဓားရှိလျှင်ရပြီဟုဆိုပြီး စတင်ခွဲစိတ်ခဲ့ရာ အောင်မြင်ခဲ့ပါသည်။

ဒေါက်တာသိန်းလှိုင်သည် လူကိုသာမကဘဲ မီးဖွားမည့်နွားကို ခွဲမွေးပေးခြင်း၊ တောင်တန်းတွင် ခရီးသွားလာရာ၌ အသုံးပြုသည့် ၀န်တင်လားကို သင်းပေးခြင်းတို့လည်း ပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံနယ်စပ် မဏိပူရနယ်ဘက်အထိ ၎င်းကို ပင့်ဆောင်မှုများရှိလာသည့်အတွက် သွားရောက်ကုသပေးခဲ့ရသည်။ သူက စတုတ္ထတန်းအောင်မြင်ထားသည့် အမျိုးသမီးအချို့ကို အရန်သားဖွားအဖြစ် သင်ကြားပေးကာ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ပို့ဆောင်ပေးခဲ့သည်။

နာဂတောင်တန်းတွင် ခုနစ်နှစ်ခန့်အကြာ တာ၀န်ထမ်းဆောင်နေစဉ်မှာပင် ဒေါက်တာသိန်းလှိုင်မှာ နာဂနတ်၊ နာဂသိန်းလှိုင်ဟု မြန်မာပြည်အနှံ့ ကျော်ကြားလျက် ရှိပါပြီ။ ထိုစဉ်က ထုတ်ဝေသည့် သတင်းစာများကလည်း သူ့အကြောင်းကို ရေးသားခဲ့ကြသည်။ ခွဲစိတ်ဆရာ၀န်ဘ၀ကို မျှော်မှန်းချက်ကြီးမားသည့် ဒေါက်တာသိန်းလှိုင်က ဆေးကျောင်းသားဘ၀မှာပင် လူသေအလောင်းကို အများနှင့် ခွဲစိတ်ရခြင်းကို အားမရသဖြင့် ကိုယ်ပိုင်လူသေအလောင်း ၀ယ်ယူ၍ အပတ်တကုတ် လေ့လာခဲ့သူဖြစ်သည်။ ကံအကြောင်းမလှ၍ ခွဲစိတ်ဆရာ၀န်ဘ၀ကို တရား၀င်မရရှိခဲ့သော်လည်း သူ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ယခုအချိန်ထိ အောင်မြင်သော ခွဲစိတ်ဆရာ၀န်ကြီးတစ်ဦးအဖြစ် သမိုင်းတွင်ခဲ့ပါသည်။

လည်ပင်းကြီးရောဂါကို ထုံဆေးသက်သက်ဖြင့် ခွဲစိတ်နိုင်သည့်ပုဂ္ဂိုလ်မျိုး ဒေါက်တာနာဂသိန်းလှိုင်မှလွဲ၍ ကမ္ဘာ့ဆေးပညာသမိုင်းမှာမရှိသေးဟု သိရကြောင်း ပြင်ဦးလွင်မြို့ G.P ဆရာ၀န်များအဖွဲ့မှ ဒေါက်တာကျော်ကျော်မင်းက ရေးသားထားသည်။

ဒေါက်တာသိန်းလှိုင်ကလည်း ‘‘ငါသေရင် မြန်မာပြည်မှာ ထုံဆေးပညာရှင်တစ်ကောင်မှမရှိဘူး’’ဟု အောက်တိုဘာ ၅ ရက်က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဆရာကြီးသည် ၁၉၇၁ ခုနှစ်တွင် နာဂတောင်တန်းမှ ပြန်လည်ဆင်းသက်ခဲ့ရပြီး ဖြူးမြို့နယ်သို့ ဆေးရုံမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ဒေါက်တာနာဂသိန်းလှိုင်သည် ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ပုသိမ်မြို့သို့လည်းကောင်း၊ မြို့နယ်ဆရာ၀န်ကြီး (၁)အဖြစ် နမ့်ခမ်းမြို့သို့လည်းကောင်း၊ မီးရထားဆရာ၀န်ကြီးအဖြစ် မန္တလေးမြို့သို့လည်းကောင်း၊ မြို့နယ်ဆရာ၀န်ကြီးအဖြစ် သာယာ၀တီမြို့သို့လည်းကောင်း ပြောင်းရွှေ့တာ၀န်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် အစိုးရ၀န်ထမ်းဘ၀မှ အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားမယူမီ တစ်လျှောက်လုံးမှာလည်း သူသည် ထုံဆေးပညာ ခွဲစိတ်ကုသမှုများနှင့် မကင်းခဲ့ပေ။

သူ့တွင် နတ်ဆရာ၀န်၊ နာဂနတ်၊ နာဂသိန်းလှိုင်စသည့် အမည်များအပြင် ‘‘ရွှေဓားဗိုလ်’’ဟူသည့် အမည်တစ်ခုလည်း တွင်ခဲ့သေးသည်။ ဖြူးမြို့နယ်မှ ပုသိမ်သို့ ပြောင်းရွှေ့စဉ်ကဖြစ်သည်။ ထိုစဉ်က ကျောင်းကုန်းမြို့နယ်ဆရာ၀န် ခွင့်ယူထားသဖြင့် အစား၀င်ရောက်တာ၀န်ထမ်းဆောင်စဉ် ကျောင်းကုန်းဆေးရုံတွင် ၂၄ နာရီထိုင် ခွဲစိတ်သောကြောင့် အခြားမြို့နယ်၊ ကျေးရွာများမှ လူနာများ တဖွဲဖွဲလာရောက်လျက်ရှိသည်။ လူနာတို့၏ ရောဂါပေါင်းစုံကို မနားတမ်းခွဲစိတ်နေသဖြင့် ရွှေဓားဗိုလ်ဟူ၍ နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။

ခွင့်ရက်ပြည့်၍ ပြန်လာသော မြို့နယ်ဆရာ၀န်ကို မြို့နယ်လူထုက လက်မခံတော့ပေ။ အစားလာရောက် ခွဲစိတ်ပေးနေသည့် ဒေါက်တာသိန်းလှိုင်အား မြို့နယ်ဆရာ၀န်အဖြစ် လူထုက သတ်မှတ်လိုက်သောကြောင့် ဖြစ်သည်။ မြို့နယ်လူကြီးများက ဒေါက်တာသိန်းလှိုင်အား ရွှေဓားဗိုလ်ဟု ဘွဲ့နာမည်ပေးလိုကြောင်း ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးစန်းယုထံ ခွင့်ပြုရန်လျှောက်ထားသည့်အဆင့်ထိ ဖြစ်သွားခဲ့သည်။

သမ္မတကြီး ဦးစန်းယုကလည်း ရွှေဓားဗိုလ်အဖြစ် ဘွဲ့အမည်ပေးရန် ခွင့်ပြုလိုက်ပါသည်။ ကျောင်းကုန်းမှနေ၍ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့နယ်များသို့ လှည့်လည်ခွဲစိတ်ပေးခဲ့စဉ် ‘‘သူလိုဆရာ၀န်’’ ‘‘ရွှေဓားဗိုလ်’’ ဟူသည့် စာတန်းများချိတ်ဆွဲကာ မြို့လူထုများက ကြိုဆိုခဲ့ကြသည်။ သူကလည်း ရောက်ရာမြို့နယ်တိုင်းမှာ ဆေးရုံ၊ လူနာဆောင်များ တိုးချဲ့ဆောက်လုပ်ပေးခဲ့လေသည်။

အငြိမ်းစားယူပြီးနောက် ဒေါက်တာနာဂသိန်းလှိုင်သည် ပြင်ဦးလွင်မြို့တွင် ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်လှစ်နေထိုင်ခဲ့သည်။ တောင်ကြီးမြို့ ကမ္ဘောဇဆေးရုံ၌ ခွဲစိတ်ဆရာ၀န်အဖြစ် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့ရှိ အောင်ရတနာဆေးခန်း၊ စိတ္တသုခဆေးခန်းတို့တွင်လည်း ကုသမှုများ ဆောင်ရွက်ခဲ့သည်။

‘‘ဆရာကြီးက သွားရေးလာရေးခက်ခဲတဲ့ နေရာတွေက တိုင်းရင်းသားတွေကို ရင်၀ယ်သားလို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်။ ခွဲစိတ်တဲ့နေရာမှာလည်း အရမ်းတော်တယ်။ လည်ပင်းကြီးခွဲတာမှာဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာ၀န်တွေတောင် မခွဲနိုင်တဲ့ ထုံဆေးပညာနဲ့ခွဲတယ်။ ခွဲစိတ်ခန်း ပြည့်ပြည့်စုံစုံမရှိဘဲနဲ့ ခွဲနိုင်တယ်’’ဟု ပင်းတယမီးအိမ်ရှင်ဟု နိုင်ငံကျော်ခဲ့သည့် ခေတ်သစ်ဆရာ၀န်ကြီးတစ်ဦးဖြစ်သည့် ဒေါက်တာသန်းမင်းထွဋ်က ဒေါက်တာနာဂသိန်းလှိုင်၏ အရည်အချင်းများကို ပြောပြသည်။ သူလေးစားအားကျသည့် ဆရာ၀န်များစာရင်းမှာ ဒေါက်တာနာဂသိန်းလှိုင် ပါ၀င်သည်။ သူ့ကိုအားကျ၍ သူ့လိုဆရာ၀န်တစ်ဦးဖြစ်လာရန် သူ့ကိုယ်သူ ကြိုးစားအားထုတ်ခဲ့တာဖြစ်သည်ဟု ဒေါက်တာသန်းမင်းထွဋ်က ဖွင့်ဟသည်။

ဒေါက်တာနာဂသိန်းလှိုင်က သူတတ်ကျွမ်းထားသည့် ထုံဆေးပညာကိုလည်း မျိုးဆက်သစ်ဆရာ၀န်များထံသို့ ပညာအမွေပေးခဲ့လိုဟန်ရှိသည်။ သူ ဘယ်ရောက်ရောက် ထုံဆေးပညာရပ်အကြောင်းကို ဟောပြောခြင်း၊ သင်ကြားပေးခြင်းတို့ ပြုလုပ်ခဲ့သေးသည်။ ‘‘ထုံဆေးပညာက ကျင့်မှရတယ်’’ဟုလည်း သူက ပြောသည်။

သူသည် ဆရာ၀န်ဘ၀တစ်လျှောက်လုံး ခွဲစိတ်ဓားကို လက်ကမချခဲ့သူဖြစ်ပါသည်။ သေသည်အထိ ခွဲစိတ်သွားလိုသည့်ဆန္ဒလည်း ရှိဟန်တူသည်။

‘‘အခု အိမ်ကတားထားလို့ စိတ်ညစ်နေတယ်။ အခုခွဲခိုင်းရင် အခုခွဲဦးမှာပဲ’’ဟု လာမည့်နို၀င်ဘာလတွင် အသက် (၈၁)နှစ်ပြည့်တော့မည့် ဆရာ၀န်ကြီးက မချင့်မရဲပြောပါသည်။

သူက ဆရာ၀န်တစ်ဦးနှင့် သိပ်မတူပါ။ သူ့ကိုယ်သူလည်း ‘‘ငါ့ပုံစံက ဒရ၀မ်နဲ့ဆင်နေတယ်။ ငါ့ကို ဆရာ၀န်လို့ ဘယ်သူမှမသိဘူး’’ဟု ဆိုသည်။ သူ့ကို ဘ၀တစ်လျှောက်လုံး အနီးမှ ပါရမီဖြည့်လာသည့် ဇနီးဖြစ်သူကိုလည်း အတော်ချစ်သည်။ ၁၉၆၂ ခုနှစ် မြိတ်ဆေးရုံတွင် တာ၀န်ကျစဉ်ကတည်းက ဒေါ်အုန်းအုန်းနှင့် အိမ်ထောင်ကျခဲ့တာဖြစ်ပြီး နာဂတောင်တန်းပေါ်သို့ ခင်ပွန်းသည်နှင့်အတူ မညည်းမညူ လိုက်ပါနေထိုင်ခဲ့သည်။

‘‘စပြီးအိမ်ထောင်ကျတဲ့အချိန်ကတည်းက ဆရာက ငွေကြေးနဲ့အလုပ်လုပ်ရတာ ဝါသနာမပါဘူး။ လူနာတွေ ကန်တော့သလောက်ပဲ။ အားလုံးကို စေတနာနဲ့ပဲ အလုပ်လုပ်ခဲ့တယ်။ လခဆိုတာလည်း လကုန်ရင် တစ်ပြားမှပါမလာဘူး။ တပည့်တွေကို ဝေပေးပစ်တယ်’’ဟု ဇနီးဖြစ်သူ ဒေါ်အုန်းအုန်းကပြောပြသည်။

မိသားစု၀င်တချို့ကို ခွဲစိတ်ပေးဖူးပါသလားဟု မေးမြန်းကြည့်ရာ ဆရာကြီးနာဂသိန်းလှိုင်က သဘောကျရယ်မောလျက် ‘‘ငါ့ကလေးတွေ၊ မြေးတွေအကုန်လုံး ငါမွေးပေးခဲ့တာကွ’’ဟု ဆိုပါသည်။ သားသမီးခုနစ်ဦးရှိသည့်အနက် ခြောက်ဦးကို သူကိုယ်တိုင် မွေးပေးခဲ့ခြင်းဖြစ်ပြီး မြေးရှစ်ယောက်စလုံးကိုလည်း ကိုယ်တိုင်မွေးဖွားပေးခဲ့တာဖြစ်သည်။

ဒေါ်အုန်းအုန်းကလည်း ‘‘ဆယ့်ရှစ်မိနစ်ဆိုရင် ကလေးကအပြင်ရောက်ပြီ’’ ဟု ရယ်မော၍ ဘေးမှ၀င်ပြောသည်။

အဖ ဦးတန်ဟုတ်၀မ်၊ အမိ ဒေါ်နန်းကြင်သုန်တို့မှ မွေးဖွားခဲ့သည့် မွေးချင်းကိုးဦးအနက် ဒုတိယမြောက်သား တရုတ်ကပြား ဒေါက်တာနာဂသိန်းလှိုင်သည် အသက်(၈၀)ကျော်လာပြီဖြစ်သော်လည်း သွက်လက်ဆဲ။ စကားကို မနားတမ်းပြောဆိုနိုင်ဆဲ။ ခွဲစိတ်ဓားကို ချက်ချင်းပင် ကောက်ကိုင်လိုဟန်ရှိနေဆဲ။

‘‘သက်ရှိသတ္တဝါတွေကို ကယ်တင်ရတဲ့ကုသိုလ်က ဘာနဲ့မှနှိုင်းလို့မရဘူး။ လူနာတွေကို ခွဲစိတ်ကုသပေးရတာ အရမ်းပျော်တယ်။ အချိန်ပြည့် လူနာတွေအနားမှာပဲနေတယ်။ မိသားစုနဲ့တောင် လျှောက်မသွားဘူး။ ဆရာ၀န်ကို ကုသိုလ်ရအောင်၊ ထမင်းဝအောင်၊ ပညာတတ်လာအောင် လူနာတွေပဲ လုပ်ပေးတယ်။ လူနာတွေရဲ့ကျေးဇူးကိုဆပ်မကုန်ဘူး။ ပိုက်ဆံမျှော်ပြီး တစ်ခါမှ မခွဲပေးဖူးဘူး။ ပေးလည်း မယူဘူး။ သူ့အသက်ကို ငါ့ဆီလာအပ်တယ်ဆိုကတည်းက ငွေသိန်းသန်းမက လာအပ်တာပဲမဟုတ်လား’’ဟု ဆရာ၀န်ကြီးက သူ၏စိတ်သဘောထားကို ပြောပြပါသည်။

လက်ရှိဆေးလောကအပေါ်မှာလည်း ဆရာ၀န်ကြီးက ‘‘ရှင်းရှင်းပြောရရင် ပျက်နေတာကြာပြီ’’ဟု ဆိုပါသည်။ အသပြာဆရာ၀န်များမှာ သူဌေးသာဖြစ်ချင်ဖြစ်သွားမည်ဖြစ်ပြီး တော်သည်၊ တတ်သည်ရှိမလာနိုင်၊ နာမည်ကြီးမလာနိုင်ဟု ဆရာ၀န်ကြီးက သုံးသပ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ အတ္တပါနေသောကြောင့်ဟု ဆိုသည်။

‘‘တို့ဆီမှာက ဘွဲ့အများကြီးရမှ’’ဟု သူက အားမလိုအားမရဖြစ်ဟန်ဖြင့် ဆက်ပြောပါသည်။

ဆရာ၀န်လုပ်သက် နှစ်ပေါင်း ၄၀ ကုန်လွန်ခဲ့ပြီးနောက် ဆရာ၀န်ကြီး ဒေါက်တာနာဂသိန်းလှိုင်သည် ကျန်းမာပျော်ရွှင်စွာဖြင့် ပြင်ဦးလွင်မြို့တွင် နေထိုင်ကာ ဘ၀ကိုဖြတ်သန်းလျက်ရှိသည်။

ထုံဆေးပညာရှင်ကြီး၊ ခွဲစိတ်ပညာရှင်ကြီး၊ စေတနာရှင်ဆရာ၀န်ကြီး၊ သူလိုဆရာ၀န်ကြီး၊ နာဂနတ်ကြီး၊ တစ်ချိန်က တောင်တန်းပေါ်မှ မီးအိမ်ရှင်ကြီးက သူ့အကြောင်း ဆောင်းပါးအတွက် အင်တာဗျုးလာရောက်သူနှင့် သုံးနာရီခန့်ကြာအောင် မမောတမ်း စကားများဖောင်ဖွဲ့ပြီးနောက် အောက်ပါစကားတစ်ခွန်းဖြင့် လက်စသတ်လိုက်ပါသည်။

‘‘လူကိုလူလိုမြင်ပါ။
လူကိုလူလို သုံးသပ်ပါ။
လူကို လူလိုကြည့်ပါ။
လူကိုလူလို ကျင့်သုံးကြပါ။
ဒါမှ မင်းဘဝဖြောင့်ဖြူးလိမ့်မယ်’’။ ။
#winhlaingoo
#7 Days ၏ ၂၀၁၆ကဆောင်းပါးကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည် ။ ယခုအခါ ဆရာကြီးသည် ၈၆နှစ်ပြည့်တော့မည်ဖြစ်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top