သူဌေးကြီးလီကာရှင်းပြောပြတဲ့ “သင်ဘာကြောင့် မအောင်မြင်သေးတာလဲ”

ရေးသားသူ – Saya Aung Ko Latt

ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။

သင်ဘာလို့ မအောင်မြင်သေးတာလဲ။ သင်ရေစုန်မျောနေတယ်။ အနူတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်။ တိုးတက်မူ အတွက် ဦးနောက်အချောက်မခံဘူး၊ လက်ထဲမှာ ပိုက်ဆံမရှိဘူး၊ မျက်နာကျတော့အသေလိုချင်တယ်။ မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘဝကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။

အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့ အလုပ်ပဲလုပ်ချင်တယ်။ အိမ်မှာအေးအေးဆေးဆေးနေပြီး လာဘ်လာဘ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်။ ထီပေါက်ဖို့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။ အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင်ပြောဆိုတယ်။ တကယ်အခွင့် ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ။ ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။

ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တယ်။ ဘာဆို ဘာမှ မလုပ်ရဲတော့ဘူး။ ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး၊ အဆိုးဘဝသံသရာကြီးထဲမှာ ဒီလိုပဲ တဝဲလည်လည် ဖြစ်နေတယ်။ လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊ အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုတ်လမ်းရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများကတော့…

၁။ ပိုက်ဆံမရှာတတ်ဘူး ။
မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကို လည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လို့။

၂။ အရည်အချင်းမရှိလို့ ။
မှားတယ်။ ကိုယ့်ကိုယ်ကို မှမလေ့ကျင့် ဘူးဆိုရင် ဘယ်သူက မွေးကတဲက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။

၃။ စကားမပြောတတ်လို့။
မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။

၄။ အချိန်မရှိလို့။
မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကို တွက်ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကိုယ်မှတ်ထားတာကို ပြတ်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။

၅။ ဝါသနာမပါလို့။
မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ဝါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူဝါသနာပါမှာလဲ။ ဝါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ဝါသနာပါသွားတာပဲ။ ဝါသနာဆိုတာ ပျိုးထောင်ရင် ရပါတယ်။

၆။ စဉ်းစားကြည့်အုံးမယ်။
ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲလုပ်လုပ်၊ တဝက်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနူန်းပြည့်သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့လူတွေ မနည်းလှတော့ပါ။

Ref: WeChat
Aung Ko Latt

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top