ငယ်ငယ်တုန်းက အမြဲသိချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဘေးက ဆရာတော်တပါး

ငယ်ငယ်တုန်းက အမြဲသိချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဘေးက ဆရာတော်တပါး( ရဲဘော်သုံးကျိပ် နောက်ကွယ်က ဂျပန်စပိုင်ဘုန်းကြီး )

ဒီ သမိုင်းဝင် ဓာတ်ပုံထဲက ဗိုလ်ချုပ်ဘေးက ဆရာတော် ကို.. ရဲဘော်သုံးကျိပ်ဝင်လား . ဘယ်သူလဲလို့ မေးလာသူတွေ အတွက် ရေးသားဖော်ပြပါတယ်.. .. ရဲဘော်သုံးကျိပ်ကို ဦးဆောင်သူတွေ ဖြစ်လာမယ့် သခင်အောင်ဆန်း တို့ဟာ.. တရုတ်ကွန်မြူနစ် ပါတီနဲ့ ဆက်သွယ်ဖို့ ခက်ခဲပြီး အမွိုင်မှာ အချိန်ကြာလာနေတဲ့ အချိန်မှာ… .. ဂျပန်ထောက်လှမ်းရေး က တစ်ဆင့်.. ဂျပန်မှာ စစ်သင်တန်းပေးဖို့.. ဗိုလ်မှူးကြီး ဆူဇူကီးနဲ့..ဆက်သွယ်လို့ရအောင် စီမံဆောင်ရွက်ပေးတဲ့ သူကတော့.. မြန်မာပြည် မှာရောက်ရှိနေတဲ့.. ဂျပန်ဘုန်းကြီး နာဂါအိ (နာဂါအိစံ) ဖြစ်ပါတယ်

နာဂါအိစံ ဟာ.. ဂျပန်ဗုဒ္ဓဘာသာ ဒိုချိရင်း ဂိုဏ်းဝင်ဖြစ်ပြီး အင်္ဂလိပ် လက်ထက်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေသူပါ.. .. ထိုစဉ်က ရွှေတိဂုံစေတီတော်ပေါ်မှာ.. ကြေးစည်ကလေး တီးတီးပြီး ဝတ်ပြုနေသူဖြစ်တယ်လို့.. ဆရာကြီးပါရဂူက ပြောပြဖူးသလို သူနဲ့ အတော်‌လေး ရင်းနှီးခဲ့ဖူးတယ်လို့ ဆိုပါတယ်.. .. အင်္ဂလိပ် အစိုးရ လက်ထက်မှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို စပိုင်အဖြစ် စေလွှတ်ခဲ့တဲ့ အလွှာပေါင်းစုံက လူတန်းစားများ အနက် ဘုန်းကြီးနာဂါအိစံလည်း ပါဝင်ပါတယ်

နာဂါအိစံ ကို ၁၉၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့ မှာ ဂျပန်နိုင်ငံ ကျိုရိုခရိုင်အာယားဘဲ့မြို့၏ မြောက်ဘက် ၈ ကီလိုမီတာခန့် ဝေးကွာသော မိုနိုဘဲ့ ရွာကလေးတွင် အဖ တောစုတားရော နှင့် အမိ ရှောတောတို တို့က မွေးဖွားပါတယ်.. ၁၉၃၁ ခုနှစ်မှာ ကျိုတိုမြို့ မြောရှင်းဂျီကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းတွင် သင်တန်းတက်ရောက် ခွင့် ရ‌ပေမယ့် တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းမှထွက်ခဲ့ပြီး ၁၉၃၂ ခုနှစ်မှာ ဝါအရင့်ဆုံးဖြစ်သော ဒိုင်းဟွန်းမြောကင်းဂျီ ဘုန်းတော်ကြီးကျောင်း ၏ ဂိုဏ်းအုပ် ကာဝအီနိရှင်းဂေး ဆရာတော် ထံပါး ချဉ်းကပ်ပြီး တရားဒေသနာများကို ထပ်လောင်းလေ့လာ ခဲ့ပြန်ပါတယ်.. အဲဒီနောက် ဆရာတော်နှင့်အတူ ရှန်ဟိုင်း၊ စင်္ကာပူဒေသများ သို့ လှည့်လည်ကာ ၁၉၃၃ ခုနှစ်၌ ပီနံ၊ သီဟိုဠ် (သီရိလင်္ကာ) စသည့် တိုင်းပြည်များအထိ သာသနာပြုခဲ့ပါတယ်

၁၉၃၄ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ဆရာတော် ဖူဂျီအိစံထံက ကောဂျီအင်နိကျိအောဂျောဂျင် ဘွဲ့တံဆိပ်ရရှိခဲ့ပြီး ဘုန်းကြီးနာဂါအိစံဟာ နိချိရင်းဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါတယ်.. .. နောက်တစ်နှစ်အကြာ.. နာဂါအိစံဟာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်အတွင်းမှာ ရန်ကုန်တက္ကသိုလ်နဲ့မလှမ်းမကမ်းမှာ ကျောင်သင်္ခမ်းတစ်ခု ဆောက်ပြီး သီတင်းသုံးပါတယ်

အဲဒီလို သတင်းသုံးနေရင်း မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု နဲ့ပတ်သက်ပြီး ဂျပန်ထောက်လှမ်းရေးနဲ့ အဆက်အသွယ် မပြတ်ရှိနေကာ အမွိုင်မှာရှိနေတဲ့ သခင်‌အောင်ဆန်းတို့ နှစ်ဦးကို ပထမဆုံး ဂျပန်နိုင်ငံကို ပိုပြီး စစ်ပညာသင်ကြားဖို့နဲ့ စစ်လက်နက် အင်အားရယူရေးဆွေးနွေးဖို့.. ရန်ကုန်အခြေစိုက် အမာခံတစ်ဦးဖြစ်သူ ဒေါက်တာသိန်းမောင် ကတစ်ဆင့် ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ ချိတ်ဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်

၁၉၄၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ နာဂါအိစံဟာ မြန်မာနိုင်ငံ ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၂၆ အရ အင်္ဂလိပ်အစိုးရက..ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင်း၌ အကျဉ်းကျ ခံခဲ့ရပါတယ်.. .. အဲဒီအတွက် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ် ထံသို့ ၎င်းရဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ရက်ပေါင်း ၇၂ ရက်တိုင်တိုင် အစာအငတ်ခံဆန္ဒပြခဲ့ပါတယ်

ဒါပေမဲ့..အာဏာပိုင်‌တွေက နှာခေါင်းမှ တဆင့် ပိုက်ဖြင့် အစာသွတ်သွင်းခဲ့ မှုကြောင့် အသက်မသေဘဲ ရှိခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ အင်္ဂလိပ်အစိုးရက နာဂါအိစံ ကိုပြည်နှင်ဒဏ် ခတ်ခဲ့သောကြောင့် နိကျိအဲဒမာရု သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံကိုဘိဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပါတယ်။

၁၉၄၁ ဒီဇင်ဘာလ ၈ ရက်နေ့မှာ…ဂျပန်ဗဟို စစ်ဦးစီးဌာနချုပ်က အာရှတောင်ပိုင်း စစ်မျက်နှာတပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေရာဥချိ (Field Marshall Hisaichi Terauchi) ကို မြန်မာနိုင်ငံတောင်ပိုင်းရှိ ရန်သူစစ် လေယာဉ်ကွင်းများကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်မိန့်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံအားကို ဂျပန်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပါပြီ

စစ်သင်တန်းအမျိုးမျိုးကို ခက်ခဲပင်ပန်းစွာသင်ယူပြီး ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် တွေဟာ.. ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စောင့်ဆိုင်းနေကြပြီး မိမိတို့ နိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဂျပန်အစိုးရရဲ့ အမိန့်ကို စောင့်မျှော်နေခဲ့ကြပါတယ်.. ဒါပေမဲ့.. ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပစိဖိတ်သမုဒ္ဒရာစစ်မျက်နှာမှာ စစ်ပွဲတွေစတင်လာတဲ့အတွက် မဟာဗျူဟာတွေပြောင်းလဲခဲ့ပါတယ်

အဲဒီနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိ‌အခြေစိုက်နေတဲ့ မြန်မာမျိုးချစ်လူငယ် ၂၀၀ ကျော်နဲ့ ရဲဘော် သုံးကျိပ်ဝင်တွေကို ဗဟိုပြုပြီး၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆/၂၇ ရက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို ဖွဲ့စည်းခဲ့ပါတယ်

၁၉၄၂ ခုနှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံတွင်းကို ရေကြောင်း၊ ကြည်းကြောင်းနဲ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်.. ဘုန်းကြီးနာဂါအိစံလည်း ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဂျပန်တပ်‌တွေနဲ့အတူ မြန်မာပြည်ကို ပြန်လိုက်လာပါတယ်.. ၁၉၄၂ မတ်လ ၈ ရက်နေ့မှာ BIA နဲ့ ဂျပန်တပ်ဖွဲ့တွေဟာ ရန်ကုန်မြို့ကိုသိမ်းပိုက် မိကြပါတယ်

ဘုန်းကြီးနာဂါအိစံဟာ အဲဒီအချိန်ကစပြီး ၁၉၄၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ နေထိုင်သတင်းသုံးခဲ့ပြီး ဂျပန်စစ်တပ် မြန်မာနိုင်ငံက ဆုတ်ခွာသည့်နောက်ဆုံးစစ်ကြောင်းနဲ့အတူ မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ ဂျပန်နိုင်ငံသို့ ဘန်ကောက်မြို့မှတဆင့် ပြန်လည်ထွက်သွားခဲ့ပါတယ်

ဘုန်းကြီး နာဂါအိစံဟာ ၁၉၃၇ ကနေ ၁၉၄၀ အထိ ကြေးစည်အမြဲတီးပြီး ရန်ကုန်မြို့အနှံ့ ဆွမ်းခံကြွရင်း ဂျပန်ထောက်လှမ်းရေးကို သတင်းအဆက် မပြတ်ပေးပို့ရင်း နဲ့ ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေကို ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ဖို့ အောင်မြင်စွာ ပံ့ပိုးကူညီချိတ်ဆက်ပေးခဲ့နိုင်ခဲ့တာ တွေ့ရပါတယ်

သူဟာ ဂျပန်နိုင်ငံတိုကျိုမြို့မှာ အသက် ၆၇ နှစ် အရွယ် ၁၉၇၄ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်.. .. Yan Aung

ကိုးကား သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (သန်းဝင်းလှိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top