ဗေဒင်ယတြာသာစွမ်းလျှင် ယခုလို တိုင်းပြည်ဆင်းရဲ ဆင်းရဲနေမည် လည်းမဟုတ်ကြောင်း ၎င်းက Myanmar Now နှင့် ယနေ့မနက် နေပြည်တော်ရှိသူ၏ အိမ်တွင်တွေ.ဆုံစဥ် ပြောကြားလိုက်ခြင်းဖြစ်သည်။
သူရဦးရွှေမန်းအား ၎င်း၏နေအိမ်တွင်တွေ.ရစဥ်။ (ဓာတ်ပုံ-စိုင်းဇော် /Myanmar Now)
နေပြည်တော် ပျဉ်းမနားမြို့ စိန္တာမုနိကျောင်းဝင်းအတွင်းရှိ ယတြာ ဘုရားဆင်းတုအလှုရှင်များတွင် ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းပါဝင်နေသည့် အချက်နှင့် ပတ်သက်၍ ၎င်းက ထိုရုပ်ထုကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း ယနေ့တွင် ပြောကြားလိုက်သည်။
ထိုကိစ္စသည် သူနှင့်သူ့မိသားစုမသိဘဲ တစ်စုံတစ်ယောက်ကလုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ထို့ပြင် ဗေဒင်ယတြာသာစွမ်းလျှင် ယခုလိုတိုင်းပြည်ဆင်းရဲနေမည်မဟုတ်ကြောင်းလည်း ၎င်းကMyanmar Now နှင့် ယနေ့မနက် နေပြည်တော်ရှိသူ၏ အိမ်တွင်တွေ.ဆုံစဥ် ပြောကြားလိုက်ခြင်းဖြစ်သည်။
အစိုးရအဆက်ဆက်အပြောင်းအလဲတွင် အာဏာလက်မလွှတ်လိုသူများ ထုလုပ်ကိုးကွယ်ခဲ့ကြသည့် ယတြာသဘောဆောင် လက်နောက်ပြန် ဆင်းတုများသည်ထေရဝါဒဗုဒ္ဓသာသနာနှင့် မကိုက်ညီသောကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွန်ခဲ့သည့်ရက်ပိုင်းက ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုကျောင်းဝင်းထဲရှိကဗ္ပည်းဆိုင်းဘုတ်တွင် သူရဦးရွှေမန်းနှင့်မိသားစုနာမည်ရှိခဲ့သော်လည်း ယခုအချိန်တွင် ထိုဆိုင်းဘုတ်မှာမရှိတော့ပေ။
စေတီဝင်းထဲရှိ အလှုရှင်များတွင် ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေမိသားစုအပြင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်၏သမီးဖြစ်သူ စန္ဒာအောင်မိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမိသားစု၊ ယခုအချိန်တွင် အဂတိမှုဖြင့် တရားရင်ဆိုင်နေရသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနညွှန်ချုပ်ဟောင်းဦးသန်းထွဋ်မိသားစု၊ လမ်းဦးစီးဌာန ဒုညွှန်ချုပ်ဦးအောင်မြင့်ဦးမိသားစု၊ ရဲမှုးချုပ်သန်းတင်အောင်မိသားစုနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်တေဇကျော်၏ မိသားစုနာမည်များလည်းတွေ့ရှိရသည်။ စစ်တပ်အသိုင်းအဝိုင်းအပြင်၊ ခရိုင်တရားသူကြီးများနှင့် အရပ်ဖက် အရာရှိကြီးများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များလည်း အလှူရှင်စာရင်းတွင်ပါဝင်သည်။
အာဏာဆက်လက်အဓွန့်ရှည်စေရန်စစ်ဗိုလ်ချုပ်ကြီးများကယတြာဆောင်သည့်သဘောဖြင့်တည်ထားခဲ့သည့်’အာဏာတည်စေ’၊’လွှတ်တော်မြဲစေ’၊’ပုလ္လင်မြဲစေ’၊’ရာထူးတိုးစေ’ ဟူသောဗုဒ္ဓဘာသာသမိုင်းတွင်တစ်ကြိမ်တစ်ခါမျှမရှိဖူးသည့်စေတီများမှာမူအဆိုပါကျောင်းတိုက်အတွင်းတည်ရှိနေဆဲဖြစ်သည်။