ထေရဝါဒဗုဒ္ဓသာသနာနှင့် ကိုက်ညီခြင်း မရှိ၍ ဖယ်ရှားခဲ့သည့် နေပြည်တော် မင်းဝံတောင် စိန္တာမုနိ ကျောင်းတိုက်အတွင်းရှိ ရုပ်ပွားဆင်းတု ၁၀၉ ဆူကို မန္တလေးမြို့ ဘုရားကြီး အနောက်ဘက်မုခ်ရှိ ကျောက်ဆစ်တန်းတွင် လာဘမုနိ ရုပ်ပွားတော်များအဖြစ် ပြန်လည်ပြင်ဆင် ထုလုပ်လျက်ရှိသည်။
ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် စိန္တာမုနိကျောင်းအတွင်းရှိ ရုပ်ပွားတော်များသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် ကိုက်ညီမှု မရှိခြင်း၊ လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာ အစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထားခြင်း အပါအဝင် ကြည်ညိုဖွယ် မဆောင်ခြင်းတို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖယ်ရှားရှင်းလင်း ခဲ့ခြင်းဖြစ်ပြီး ယင်းရုပ်ပွားတော်များသည် မြန်မာနိုင်ငံတွင် ရိုးရာအစဉ်အလာအရ ထုဆစ်ပုံဖော်ကာ ကြည်ညိုလျက်ရှိကြသော မုဒြာ ၅၅ မျိုးတွင် ပါဝင်ခြင်းမရှိဘဲ ဆံတော်နေရာတွင် ကြာပန်းပုံ ပြုလုပ်ထားကြောင်း၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နှင့် ဦးခေါင်းတော် နောက်ဘက်တို့တွင် ခရုပတ် ထည့်သွင်းထားခြင်း၊ ညာဘက်လက်တော်သည် ရှေ့သို့ချထားပြီး ဘယ်ဘက်လက်တော်သည် နောက်ဘက်သို့ ဖြန့်ချထားခြင်း စသည်တို့သည် ဥဒ္ဒိဿက စေတီတော်အဖြစ် ထားရှိကြည်ညိုရန် လျော်ကန်သင့်မြတ်မှု မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသို့ ဖယ်ရှားခံရပြီးနောက် ဘုရားအကျိုးတော်ဆောင် အဖွဲ့မှ သာသနာရေး ဝန်ကြီးဌာနသို့ ပြန်လည် ပြင်ဆင်ရန် အကြောင်းကြားကာ မန္တလေး ကျောက်ဆစ်တန်းသို့ ဇူလိုင် ၃ ရက်တွင် ပို့ဆောင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြင်ဆင်မည့် လာဘ်ပွင့်ရန်ကာ အဓိပ္ပာယ်ရှိသည့် ဆင်းတုပေါင်း ၁၀၉ ဆူရှိပြီး ဘုရားကြီးအနောက်မုခ် ကျောက်ဆစ်တန်းရှိ ရွှေစင်ရတနာ နိဗ္ဗာန်ကုန်လုပ် ငန်းတွင် ၅၃ ဆူနှင့် အောင်သီဟ ကျောက်ဆစ်လုပ်ငန်းတွင် ၅၆ အပ်နှံပြင်ဆင်နေခြင်း ဖြစ်သည်။
“ဆင်းတုတော်တွေက ရှေ့ကလည်း လာဘ်ဝင်မယ်၊ နောက်ကလည်း လာဘ်ဝင်မယ် ဆိုတဲ့သဘော ထုထားတာ။ အဲဒီ ဘုရားမဟုတ် ညာတကုတ်ဆင်းတုတွေကို နေပြည် တော်ကနေ ပြင်ပေးပါဆိုပြီး ပို့လိုက်တာ။ ဒါတွေကို လာဘမုနိ ပုံတော်ပြင်ဆင်ပေးရမှာပါ။ ပထမလက်တွေကို ပြောင်းတပ်ရမယ်။ မျက်နှာတော်တွေ ပြန်ဖော်ရမယ်။ နားတွေကို ပြန်တပ်ရမယ်။ ဒီဆင်းတုတော်တွေက ဘုရား မဟုတ် ညာတကုတ်တဲ့။ ဒါပေမယ့် လာဘ်လာဘအတွက် ကောင်းတယ်။ ဘုရားအနေနဲ့ မသတ်မှတ်ဖူး။ ဒါတွေက ဟိုရှေးကတည်းက ရှိခဲ့တာ။ ခုခေတ်ကျတော့ လူတွေက ဘာပုံကြီးလဲဆိုပြီး ဖြစ်ကုန်တာ။ အရင်ကတော့ အဘတို့ တွေ့ဖူးတာက အသားဆင်းတုကို ရွှေချထားတာ။ ပြီးတော့ ကြေးကိုလည်း ပုံသွင်းတယ်။ ဘုရားစင်လည်း မထားဘူး။ ခုကျမှ ကျောက်တွေနဲ့ ထွင်းလာပြီး နေပြည်တော်မှာ ကိုယ့်အတွက် ကျန်းမာရေးလည်း ကောင်းမယ် လာဘ်လာဘလည်း ရွှင်မယ်ဆိုပြီး လုပ်ထားကြတာ” ဟု ရွှေစင်ရတနာ နိဗ္ဗာန်ကုန်လုပ်ငန်းမှ ဦးသိန်းရွှေက ပြော ကြားသည်။
ထို့ပြင် စိန္တာမုနိကျောဆရာတော်နှင့် ပတ်သက်၍လည်း “ဆရာတော်က လာတဲ့သူတွေကို ကျန်းမာ၊ ချမ်းသာ၊ အောင်စေ၊ ပိုင်စေ ဆိုပြီး ဆုပေးတာ။ ရာထူးနဲ့လာတဲ့သူဆိုရင် ရာထူးမြဲစေပေါ့။ ကျန်းမာရေး မကောင်းရင် ရာထူးက ဘာလုပ်လို့ရမှာလဲ။ အဲဒါကြောင့် ကျန်းမာ ချမ်းသာ ရာထူးမြဲစေဆိုပြီး ဆရာတော်က လာတဲ့သူတွေကို အဲဒီလို ဆုပေးတာ။ သူတို့ရဲ့ ဓာတ်က အဲ့လို။ ဒါတွေကလည်း ကျန်းမာရေးကောင်းမယ် လာဘ်လာဘဝင်မယ် ဆိုပြီး လာလှူထားကြတာ။ ဟိုကတော့ ခိုင်းတာမဟုတ်ဖူး။ လှူတဲ့သူက လှူထားပြီး ဘယ်ကလုပ်လို့လုပ်မှန်း မသိတော့ ကျွန်တော်တို့ဆီ ပြင်ပေးပါဆိုပြီး ရောက်လာတာပဲ” ဟု ဦးသိန်းရွှေက ပြောကြားသည်။
ယင်းသို့ ဆင်းတုတော်များ ပြင်ဆင်ရာတွင် အချိန် တစ်လဝန်းကျင်ခန့် ကြာမြင့်မည်ဖြစ်ပြီး အားလုံးပြီးစီးပါက နေပြည်တော်သို့ ပြန်လည်ပို့ဆောင်ရမည် ဖြစ်သော်လည်း လက်ရှိတွင် ဆင်းတုတော်များကို မူလနေရာတွင် ပြန်လည်ပူဇော်ထားရှိမည် မဟုတ်တော့ကြောင်း ရွာကောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်ဦးက ပြောကြားသည်။
ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက် စိန္တာမုနိကျောင်း၌ ပူဇော်ထားရှိသည့် စေတီတော်များသည် တည်ထားကိုးကွယ်သူများ အနေဖြင့် နေ့နံ၊ ဓာတ်သဘောများနှင့်အညီ တွက်ချက်၍ လာဘ်လာဘ တိုးတက်ခြင်း၊ စီးပွားရေး တိုးတက်ခြင်းနှင့် ရာထူးအရာခံ တိုးတက်ခြင်းတို့အတွက် အဆိုပါကျောင်းသို့ လာရောက် ပူဇော်သူ များပြားလာခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။
ထို့ပြင် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက် စိန္တာမုနိကျောင်းတွင် တည်ထားကိုးကွယ်သော စေတီတော်များအား တိုင်းသံဃာ့နာယကမှ ဖယ်ရှားပေးရန် တောင်းဆိုပြီးနောက် စေတီတော်များ၏ အလှူရှင် ကမ္ပည်းဆိုင်းဘုတ် များအား ဇူလိုင် ၁ ရက်နေ့က စတင်ကာ လာရောက်ဖြုတ်ယူ သိမ်းမှုများရှိခဲ့ပြီး လက်ရှိတွင် အခြားဒေသမှ လာရောက်လှူဒါန်းသူများ၏ ကမ္ပည်းဆိုင်းဘုတ်များသာ ကျန်ရှိတော့ကြောင်း တွေ့ရသည်။