ပြည်တွင်း၌ နေရာယူလာသည့် ပေါက်ဖော်ဘီယာ

တောင်ကြီးမြို့၏ လမ်းဘေးကုန်စုံ ဆိုင်တစ်ခုတွင် ရောင်းချနေသည့် ဘီယာ သံဘူးအချို့က ကိုစောနိုင်ကို အံ့ဩသွားစေသည်။

တစ်ဘူးလျှင် ကျပ်ငါးရာသာ ပေးရပြီး သူသောက်သုံးနေကျ ပြည်တွင်းထုတ် အမှတ်တံဆိပ်အချို့နှင့် ပုံသဏ္ဌာန်ချင်းက ဆင်တူရိုးမှား ဖြစ်နေသည်။

“ခါတိုင်း (ကျပ်)တစ်ထောင့်ငါးရာ လောက်ပေးရတဲ့ဟာ အခုက ငါးရာပဲဆိုတော့ ပရိုမိုးရှင်းများ ရှိတာလားလို့ မှတ်သွားတာ။ သေချာကြည့်တော့မှ တခြားတံဆိပ်ဖြစ်နေတယ်” ဟု ကိုစောနိုင် က သူ့အတွေ့အကြုံကို ပြောပြသည်။

ပြည်တွင်းထုတ် ဘီယာထက် ဈေးနှုန်းမှာ သုံးဆခန့် ဈေးနည်းနေပြီး ဈေးနှုန်းချိုသာလှသည့်အပြင် ကံစမ်းမဲပါရှိသေးကြောင်း ဆိုင်ပိုင်ရှင်က ရှင်းပြသဖြင့် ကိုစောနိုင်သည် ထပ်ဆင့်အံ့ဩသွားရပြန်သည်။

တစ်ဘူးသောက်လျှင် တစ်ဘူး ပေါက်နိုင်သည့် အခွင့်အရေးရှိသည်ဟု ဆိုင်ပိုင်ရှင်က မက်လုံးစကား ဆိုသည်။ ၂၄ ဘူးပါ တစ်ဖာလျှင် ထက်ဝက်သည် ကံစမ်းမဲများဖြစ်ပြီး ငွေသားကံစမ်းမဲများ မဟုတ်ဘဲ နောက်ထပ်တစ်ဘူးကို ခံစားခွင့် ရရှိမည့် ကံစမ်းမဲဖြစ်သည်။

“တစ်ဖာကို (ကျပ်)ခြောက်ထောင်ပဲ ပေးရတဲ့သဘောပေါ့။ ဈေးက အရမ်းကို တန်လွန်းနေတယ်” ဟု ကိုစောနိုင်က ထပ်လောင်းပြောဆိုသည်။

အိမ်နီးချင်းနိုင်ငံအချို့မှ တရားမဝင် တင်သွင်းလာသည့် တံဆိပ်အမျိုးမျိုးတပ်ထားသည့် ဘီယာများသည် တောင်ကြီးမြို့ ဈေးကွက်သို့ ရောက်ရှိနေသည်မှာ အနည်းဆုံး ငါးနှစ်ဝန်းကျင်ရှိနေပြီဟု ဒေသခံ အဖျော် ယမကာဖြန့်ချိသူအချို့က ဆိုကြသည်။

အထူးသဖြင့် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ခြင်းဖြစ်ပြီး ၁၂ ဘီးယာဉ်ကြီးများဖြင့် ပေါ်ပေါ်တင်တင်ပင် ဝင်ရောက်လျက်ရှိကြောင်း ၎င်းတို့က ပြောသည်။

“အခုနှစ်ပိုင်းမှာ ပိုဆိုးလာတယ်။ ကိုဗစ်ကာလအတွင်းမှာလည်း အလုံးအရင်းနဲ့ ဝင်နေတာပဲ” ဟု အဖျော်ယမကာ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။

တရုတ်နိုင်ငံထုတ် ဘီယာအချို့သည် မူဆယ်နယ်စပ်ဘက်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် တရားမဝင် ဝင်ရောက်လျက်ရှိနေပြီး စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြလျက်ရှိသည်။

လက်ရှိတွင်လည်း တရားမဝင် ဘီယာများကို ဖမ်းဆီးဆောင်ရွက်လျက်ရှိပြီး ရောင်းချနေကြောင်း လာရောက်တိုင်ကြားနိုင်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောဆိုသည်။

“ကျွန်တော့်ဆီကို စာတင်ပေးလို့ ရပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

တရားမဝင် ဘီယာတင်သွင်း ရောင်းချမှုများကို နယ်စပ်ကုန်သွယ်ရေး၊ အခွန် စသည့် ဌာနတာဝန်ရှိသူများဖြင့် ပူးပေါင်းစစ်ဆေး အရေးယူသွားမည်ဟု ဝန်ကြီးက ထပ်လောင်းပြောဆိုသည်။

တရားမဝင် တင်သွင်းလာသည့် ဘီယာတံဆိပ်မျိုးစုံသည် တောင်ကြီးမြို့မှတစ်ဆင့် ရှမ်းပြည်နယ်အတွင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ပျံ့နှံ့လျက်ရှိနေသည်ဟု အဖျော်ယမကာလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ စုံစမ်းသိရှိရသည်။

“တောင်ကြီးဘက်ဆို နယ်ဘက်တွေကို အဓိက ဖြန့်ကြတယ်။ အဲဒီဘီယာတွေက ရောင်းအားအကောင်းဆုံးလို့တောင် သိရတယ်” ဟု တောင်ကြီးဒေသခံ လူငယ်တစ်ဦးက ပြောသည်။

တရားမဝင် တင်သွင်းရောင်းချနေသည့် တရုတ်ဘီယာများအနက် Thai A ဟု ခေါ်ကြသည့် စွယ်စုံဆင်ပုံဖြင့် ဘီယာ၊ နဂါးဘီယာဟု ခေါ်ကြသည့် နဂါးနှစ်ကောင်ပုံဖြင့် ဘီယာတို့က ဈေးကွက်ဝေစုပိုရသည်ဟု ရောင်းချသူတို့ထံမှ သိရသည်။

အချို့ဘီယာဂျပ်ဖာဘူးခွံများပေါ်တွင် ဆင်တူရိုးမှား သတိပြုပါဟူ၍ပင် ရိုက်နှိပ်ထားသေးသည်။ နီးစပ်သူအချို့၏ ပြောဆိုချက်အရဆိုလျှင် ထိုတရားမဝင် ဘီယာများကို ထပ်မံ၍ လိုက်လံတုပသည့် ဘီယာတံဆိပ်များလည်း တရုတ်နိုင်ငံမှတစ်ဆင့် ပြည်တွင်းဈေးကွက်အတွင်းသို့ ဝင်ရောက်နေသည်ဟု ဆိုကြသည်။

ဟိုပုံးမြို့ရှိ ကုန်စုံဆိုင်အချို့တွင်လည်း တရားမဝင် တင်သွင်းထားသည့် တရုတ်နိုင်ငံထုတ် ဘီယာငါးမျိုးခန့်ကို ပေါ်ပေါ်တင်တင်ပင် ရောင်းချလျက်ရှိပြီး ဝယ်ယူသူ များပြားကြောင်း မြို့လယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အထူးသဖြင့် ပွဲအခမ်းအနားရှိသည့် အချိန်တွင် ပို၍ ရောင်းချရသည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း၌ အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ တရားမဝင်တင်သွင်းသည့် ဘီယာအမှတ်တံဆိပ်မျိုးစုံ ပျံ့နှံ့လျက် ရှိနေသည်။

တရားမဝင် အမှတ်တံဆိပ်ဘီယာများ ပြည်တွင်း၌ ပျံ့နှံ့နေခြင်းသည် ဝယ်သူ ရှိ၍လား၊ ရောင်းသူရှိ၍လားဟု အဖြေရှာရမည်ဆိုလျှင် ရောင်းသူက အဓိကသာဟု တောင်ကြီးမြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် တရားမဝင် တင်သွင်းလာသည့် ဘီယာမျိုးစုံကို ဂိုထောင်များဖြင့် သိုလှောင်ပြီး လက်ကား နှင့် လက်လီဆိုင်များသို့ ပြန်လည်ဖြန့်ချိသည့် အလုပ်လုပ်ကိုင်သူ များပြားလာသည်ဟု ၎င်းကဆိုသည်။

ဈေးနှုန်းသက်သာခြင်း၊ ကံစမ်းမဲ ရှိခြင်းတို့ကြောင့် သောက်သုံးသူများအကြား အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့ပြီး ယင်းဘီယာကို ဆိုင်တွင် တင်ရောင်းချနိုင်ရန်အတွက် တန်းစီစောင့်ဆိုင်းရသည့် ဆိုင်ရှင်များကိုလည်း ဖြန့်ချိသည့် ဂိုဒေါင်များတွင် တွေ့ခဲ့ရဖူးကြောင်း ၎င်းက ပြောဆိုသည်။

“ဝယ်လိုအားက အရမ်းကောင်းတယ်” ဟု ဟိုပုံးမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောပြသည်။

တရားမဝင် ဝင်ရောက်နေသည့် ဘီယာများသည် တံဆိပ်အမျိုးအစားပေါင်း အနည်းဆုံး ၁၀ ခုခန့် ရှိသော်လည်း ဈေးနှုန်းမှာ ၃၂၀ ml သံဘူးတစ်ဘူးလျှင် ကျပ်ငါးရာ သာ ဖြစ်ကြပြီး ကံစမ်းမဲများ ပါရှိကြသည်။ လူမသိသေးသည့် တံဆိပ်များဆိုလျှင် ငွေနောက်မှရှင်းဟုဆိုကာ ရောင်းချစေခြင်းများရှိသည်ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်း၌ နာမည်ရရှိပြီးသည့် ဘီယာအမှတ်တံဆိပ်များဖြင့် အမည်ဆင်တူရိုးမှား၊ ဒီဇိုင်းဆင်တူရိုးမှား များဖြင့် လိုက်လံတုပထားကာ ဈေးကွက် အတွင်းသို့ တရားမဝင် တင်သွင်းနေခြင်း ဖြစ်သည်ဟု တောင်ကြီး ဒေသခံအချို့ထံမှ သိရသည်။

အချို့တံဆိပ်များတွင် ကိုယ်ဝန်ဆောင်များ မသောက်သုံးရန်၊ ယာဉ်မောင်းနှင်သူများနှင့် အသက် ၁၈ နှစ်အောက် မသောက်သုံးရန် မြန်မာဘာသာဖြင့် သတိပေးစာများပါ ရိုက်နှိပ်ထားပြီး စာမှာ ဖောင့်မမှန်သည့် သဏ္ဌာန်ဖြင့် မြင်တွေ့ရသည်။

အချို့မှာ ထုတ်လုပ်သည့်နေရာ၊ တင်သွင်းသည့်အရပ်ဒေသနှင့် ပါဝင်သော ပစ္စည်းများမှာ အာမခံချက် တစ်စုံတစ်ရာ မရှိသောကြောင့် စိတ်ချယုံကြည်မှု မရှိကြောင်းနှင့် ၅၀၀ ဟူသော ဈေးနှုန်းသည် တရားဝင်ဘီယာများ သောက်သုံးရန် အနေအထားရောက်ရှိသည်အထိ ဖြတ်သန်းရသည့် အဆင့်များအတိုင်း စနစ်တကျ အမှန်တကယ် ဖြတ်သန်းထုတ်လုပ်ထားလျှင် အခွန်အခများ မပေးဆောင်ရသည့်တိုင် မည်သို့မှ ရောင်းချနိုင်မည့် ရောင်းဈေးတစ်ခုမဟုတ်ဟု အဖျော်ယမကာလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။

ယင်းအပြင် သောက်သုံးသူများအတွက် ကျန်းမာရေး ထိခိုက်စေမည့် ဘေးအန္တရာယ်ကိုလည်း ဖြစ်စေနိုင်မည်ဟု ၎င်းတို့က ဆိုသည်။

“အရက် ဘီယာကတော့ များများ သောက်ရင် ဘယ်ဟာမှ မကောင်းဘူး။ ဒါပေမဲ့ ပြည်တွင်းထုတ်တွေက တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဖြန့်ချိရောင်းချပေးနေတာ။ အခုတံဆိပ်တွေက တစ်ခုခုဖြစ်ရင် တာဝန်ယူမယ့်သူ မရှိဘူး” ဟု အဖျော် ယမကာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အများပြည်သူ ကျန်းမာရေးထိခိုက်စေနိုင်သည့်အပြင် တရားမဝင် တင်သွင်းလာသည့် ဘီယာရောင်းချနေမှုများကို လက်မခံဟုဆိုလာသူက ရွာငံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး ဖြစ်သည်။

သူက ရှမ်းပြည်နယ်လွှတ်တော်၏ ကျန်းမာရေးနှင့် ပညာရေးမြှင့်တင်မှု ကော်မတီ အတွင်းရေးမှူးလည်းဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် တရားမဝင် ဘီယာတင်သွင်းရောင်းချမှုများကို ထိန်းချုပ်နိုင်ရန် လွှတ်တော်မှတစ်ဆင့် အစိုးရသို့ တိုက်တွန်းသင့်သည်ဟုပြောသည်။

“မကောင်းတာတွေနဲ့ ချက်ထားမယ်ဆိုရင် သောက်သုံးသူတွေ ဆိုးကျိုးခံရမယ်” ဟု ဦးအေးမင်းစိုးက ပြောဆိုသည်။

လွှတ်တော်ရေးရာကော်မတီများ အနေနှင့် ပြည်သူများမှ တင်ပြတိုင်ကြားလာမှသာ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရသဖြင့် ပြည်သူများ တိုင်ကြားပေးကြရန် လိုကြောင်း ၎င်းကတိုက်တွန်းပြောဆိုသည်။

တရားမဝင် တင်သွင်းလာသဖြင့် ထိုဘီယာတံဆိပ်များကို စားသောက်ဆိုင်များ၊ ဟိုတယ်များ၌ မေးမြန်း၍ရမည် မဟုတ်ဘဲ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၌သာ ဝယ်ယူနိုင်မည်ဟု တောင်ကြီးဒေသခံ ကိုအောင်က ပြောပြသည်။

“ကျွန်တော်တို့ တရုတ်နိုင်ငံတို့၊ ထိုင်းနိုင်ငံတို့ဘက်ကို သွားရင် မြန်မာပြည်ကထုတ်တဲ့ စီးကရက်၊ ဘီယာ စတာတွေကို ဟိုဘက်မှာ တရားဝင် သောက်သုံးလို့ မရဘူး။ ခွင့်မပြုထားဘူး။ မှောင်ခိုသောက်ကြရတယ်ပေါ့။ အခု ဒီမှာကျတော့ တရုတ်ဘီယာကို တရားဝင် တင်သွင်းထားသလိုကို ရောင်းချနေကြတာ” ဟု ၎င်းက သူ့အတွေ့ အကြုံကို ပြောပြသည်။

အစိုးရသတင်းများ၌ တရုတ်ဘီယာများကို ဖမ်းဆီးသည်ဟု မကြာခဏ တွေ့နေရသော်လည်း ပြည်တွင်းသို့ ဝင်ရောက်နေမှုက လျော့ကျမသွားဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီကိစ္စကို တာဝန်ရှိသူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပြီ” ဟု တောင်ကြီးဒေသခံ ကိုအောင်က ပြောဆိုလေသည်။

လတ်မျိုးဆွေ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top