အခုနောက်ပိုင်းမှာ လူသားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် စွန့်ပစ်ပစ္စည်း တွေ နည်းပါးဖို့၊ အထူးသဖြင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေကို လျှော့ချဖို့အတွက် ကြိုးစားလာကြပါတယ်။ ပလတ်စတစ်ဟာ နှစ်ပေါင်းများစွာ မပျက်စီးဘဲ ကျန်နေနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို အနှောင့်အယှက် အပေးဆုံး အရာတစ်ခု ဖြစ်နေတာကြောင့်ပါပဲ။ အဲဒီလိုလျှော့ချဖို့ ကြိုးစားလာကြတဲ့အထဲမှာ ပလတ်စတစ်အိတ် တွေတင်မကဘဲ ပလတ်စတစ်ပိုက်တွေလည်း ပါဝင်ပါတယ်။
အဲဒါကြောင့် တချို့နေရာဒေသတွေမှာ တစ်ခါသုံးပလတ်စတစ်ပိုက်တွေအစား သတ္တုပိုက်တွေနဲ့ ဝါးပိုက်တွေကို ဖန်တီး အသုံးပြုလာကြ ပါတယ်။ ဒါပေမဲ့ တစ်ခါသုံးမဟုတ်ဘဲ ပြန်လည်ဆေးကြောစရာလိုအပ်တဲ့ အဲဒီလိုပိုက် တွေ အသုံးပြုရာမှာ ဘယ်လိုပြန်လည်သန့်စင်မလဲ ဆိုတာ ကိစ္စဟာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာပါတယ်။ ပါးစပ်နဲ့ တိုက်ရိုက်စုပ်ယူသောက်သုံးရတဲ့ ပိုက်ကို အများသုံးပုံစံမျိုး အသုံးပြုမယ်ဆိုရင် တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်ရောဂါတွေ ပြန့်ပွားတာမျိုး ဖြစ်လာနိုင်ချေရှိတာကြောင့်ပါပဲ။
ပလတ်စတစ်လို ပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ ပြန်လည်ဆေးကြောစရာမလိုတဲ့ ပိုက်မျိုးအတွက် စဉ်းစားကြ တဲ့အခါ အဖြေတစ်ခု ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ဆန်နဲ့ပြုလုပ်တဲ့ပိုက်ဖြစ်ပြီး လွှင့်ပစ်စရာလည်းမလို ပြန် ဆေးစရာလည်းမလိုဘဲ ဝါးစားနိုင်ပါတယ်။
အဲဒီလိုအဖြေကို မလေးရှားနိုင်ငံက ပိုက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mistraws Manufacturing Sdn Bhd ကနေ ရရှိခဲ့တာပါ။ Mistraw ဆန်ပိုက်တွေကို ၁၀၀ ရာခိုင်နှုန်း သဘာ၀ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဆန်နဲ့ပီလောပီနံကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီဆန်ပိုက်တွေကို ပုံမှန်ပိုက်တွေလိုပဲ အသုံးပြုရမှာ ဖြစ်ပြီး ပိုထူးတာကတော့ စားသုံးသူအနေနဲ့ ပိုက်ကို အသုံးပြုပြီးတဲ့အခါ ဆန်ပိုက်တွေပါ ဝါးစားနိုင်ပါတယ်။
အရင်ကဖန်တီးခဲ့တဲ့ ဝါးပိုက်၊ သတ္တုပိုက်တွေနဲ့ မတူတဲ့အချက်ကတော့ ဆန်ပိုက်တွေဟာ ပြန်လည်ဆေးကြော အသုံးပြုရတာမျိုး မဟုတ်တာကြောင့် သန့်ရှင်းမှုပိုရှိပြီး ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပါတယ်။ စက္ကူပိုက်တွေ ကတော့ တာရှည်မခံသလို ရေနဲ့ထိရင်လည်း အဆင်မပြေလှပါဘူး။ အဲဒါကြောင့် ပလတ်စတစ်အစားထိုး ပိုက်တွေထဲမှာ အခုဖန်တီးလိုက်တဲ့ ဆန်ပိုက်ကတော့ အကောင်းဆုံး အစားထိုးမှုလို့တောင် ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဆန်ပိုက်တွေရဲ့ အားနည်းချက်တစ်ခုက ပုပ်သိုးပျက်စီးနိုင်တာပဲဖြစ်ပြီး ရက်တစ်ရာအတွင်း အသုံးပြုရတဲ့ ကန့်သတ်ချက်မျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ တခြားပလတ်စတစ်အစားထိုး ပိုက်တွေထက်စာရင်တော့ အဲဒီအချက်က အဆင်ပြေပါသေးတယ်။ ဆန်ပိုက်တွေနဲ့ အအေးသောက်မယ်ဆိုရင် ၄ နာရီကနေ ၆ နာရီအထိ အသုံးပြုနိုင်ပြီး ပူနွေးတဲ့အရည်တွေကို သောက်မယ်ဆိုရင်တော့ သူ့ရဲ့ပုံစံနဲ့ ခိုင်ခံ့မှုကို မပျက်စီးစေဘဲ ၃ နာရီ ကျော်အထိတော့ အသုံးပြုနိုင်ပါတယ်။
အဲဒီဆန်ပိုက်တွေဟာ အရွယ်အစား ၃ မျိုး ရှိပါတယ်။ ဆန်ပိုက်တွေကို အသုံးပြုပြီးပြီဆိုရင် မလွှင့်ပစ်ဘဲ ဝါးစားနိုင်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းချင်တယ်၊ ဒါပေမဲ့ ဝါးပိုက်နဲ့ သတ္တုပိုက်တွေကို အသုံးပြုရတာလည်း စိတ်မသန့်ဘူးဆိုရင်တော့ ဝါးစားနိုင်တဲ့ ဆန်ပိုက် (edible rice straw) တွေကို အသုံးပြု တာ အကောင်းဆုံးပါပဲ။
တစ်ယောက်ချင်းစီက ပလတ်စတစ်အသုံးပြုမှုကို လျှော့ချပြီး မိမိတို့ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကြီး တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်စောင့်ရှောက်ကြပါစို့။
by Cherry Mon
Ref; Good Times