ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို တပ်မတော်သား ၃ ဦးက သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် အမျိုးသမီးမှ ယမန် နေ့က စစ်တွေမြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့်ခဲ့သည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကာယကံရှင် အမျိုးသမီးမှ ရဲစခန်းသို့ လာရောက် တိုင်ကြား အမှုဖွင့်ခဲ့သလို စစ်တွေဆေးရုံ၌လည်း ဆေးစစ်ချက်များ ခံယူခဲ့သည်။
ကာယကံရှင်အမျိုးသမီးက “ကျမ အမှန်တရားကို လိုလားပါတယ်။ ဒါကြောင့်လည်း ကျမ ရဲစခန်းမှာ အမှန်တရားကို ရဲရဲဝံ့ဝံ့ ထွက်ဆို အမှုဖွင့်ခဲ့ပါတယ် ” ဟု ယမန် နေ့ညနေပိုင်းက သတင်းမီဒီယာ များနှင့် တွေ့ဆုံကာ ပြေကြားခဲ့သည်။
ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်က တပ်မတော် စစ်ကြောင်း တကြောင်း အဆိုပါ ရသေ့တောင် မြို့နယ် ဦးဂါကျေးရွာသို့ ရောက်လာခဲ့ပြီး ကျေးရွာတွင် တညအိပ်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီး အပါအဝင် ဒေသခံကျေးရွာသားများက ပြောသည်။
ထိုသို့ တပ်မတော်စစ်ကြောင်း ရွာတွင် တည်းခိုစဉ် ညနေ ၁၁ နာရီခန့်က ကာယကံရှင် အမျိုးသမီး၏ အိမ်ဘေးနားတွင် ရှိသည့် တပ်မတော်သားများထဲမှ တပ်ဖွဲ့ဝင် ၃ ဦးက ၎င်းတို့ မိသားစု နေအိမ်အတွင်း ပုန်းခိုနေစဉ် စစ်စရာ ရှိသည် ဆိုကာ အဓမ္မခေါ်၍ မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသမီးကပြောသည်။
“ကျမကို စစ်စရာရှိတယ်ဆိုပြီး စစ်သားတွေက သူတို့နေတဲ့ နေရာကို ခေါ်ပါတယ်။ အဲဒီမှာရောက်တော့ ကျမကို မသင်္ကာစရာရှိတယ်လို့ ပြောတယ်။ ဘာမသင်္ကာစရာရှိလဲ မေးတော့ အစ်မ လမ်းနှစ်လမ်းထဲက ရွေးချယ်ခွင့်ပေးမယ်။ တခုက ထွက်ပြေးရင်း သူပုန်မဆိုပြီး ပစ်သတ်မယ်။ နောက်တလမ်းက အစ်မ ခန္ဓာကိုယ်ကို ပေးရမယ်ဆိုပြီး ပြောပါ တယ်။ ကျမ ထွက်ပြေးမယ် လုပ်တော့ စစ်သား ၂ ယောက်က ဖမ်းချုပ်ပြီးတော့ သေနတ်တွေ၊ ဓားတွေထုတ်ပြီး ခြိမ်းခြောက်ပြီး တယောက်ပြီး တယောက် အဓမ္မကျင့်ပါတယ်” ဟု ၎င်းက သတင်းထောက် များကို ပြောကြားသည်။
ထိုသို့ အဓမ္မပြုကျင့်ရာတွင် တပ်မတော်သား ၃ ဦးပါဝင်ပြီး ကာယကံရှင် အမျိုးသမီး လက်သို့ ငွေကျပ် ၂ သောင်း ပေးကာ မိသားစုဝင်မျာအား မပြောရန်နှင့် ယခုသတင်းအား လုံးဝ မပေါက်ကြားရန် ခြိမ်းခြောက်ကာ ပြန်လွတ် လိုက်ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောသည်။
ယင်းအပြင် နောက်ထပ် ၁ နာရီခန့်အကြာ အဆိုပါ တပ်မတော်သား၃ ဦးထဲမှ ၁ ဦး ထပ်မံရောက်လာပြီး ခြံတံခါး ဖွင့်ကာ အဓမ္မကျင့်ခံရသူ အမျိုးသမီး၏ သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကလေးအမေအား ခေါ်ယူကာ အဓမ္မပြု ကျင့်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်းလည်း ဆိုသည်။
အဓမ္မကျင့်ခံရသည့် အမျိုးသမီးက “ကျမကို အဓ္မမပြုကျင့်တဲ့ စစ်သား ၃ဦးထဲက ၁ ယောက်လာပြီး ကျမ သမီးလေးကို စစ်ဆေးစရာရှိတယ်ဆိုပြီး လာခေါ်တယ်။ ကျမက မောင်လေး အစ်မသမီးက ကလေးမွေးထားတာ ၆ ရက်ပဲရှိ သေး တယ်။ မောင်လေးတို့ လိုချင်တာလည်း အစ်မ ပေးပြီးပြီးမလားဆိုပြီး သမီးကို ချမ်းသာပေးဖို့ အမျိုးမျိုး တောင်းပန် ပေမယ့် မရဘူး။ သေနတ်ကို ကျည်ထိုးပြီး ခြိမ်းခြောက် ခေါ်သွားပါတယ်”ဟု သတင်းမီဒီယာများသို့ ပြောကြားသည်။
သို့သော် နေအိမ်အတွင်း အတူပုန်းနေသည့် အသက် ၇၀ ကျော် အဘွားက အသက်စွန့်လိုက်သွားသည့် အတွက် အဓမ္မပြုကျင့်ရန် ကြံရွယ်နေသည့်ကြားမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
အခင်းဖြစ်ပွားခဲ့သည့်နေ့က အဓမ္မပြုကျင့်ခဲ့သူ အမျိုးသမီးနှင့်အတူ ပုန်းခိုသည့် နေအိမ်တွင် အမျိုးသမီး ၅ ဦး နှင့် ကလေး ၃ ဦးရှိပြီး ကျေးရွာရှိ အမျိုးသားများမှာ တပ်မတော်စစ်ကြောင်း သေနတ်ပစ်ခတ် ဝင်ရောက်လာသည့် အတွက် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရှောင်တိမ်းသွားခဲ့ကြောင်းလည်း ရွာသား များက ပြောကြသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ကမူ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာရှိ အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသမီး ၁ ဦးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်သည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန် ထားသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ၎င်းဖြစ်ရပ်အပေါ် အသေးစိတ် စိစစ်ခဲ့ရာတွင် တပ်မတော် စစ်ကြောင်းတကြောင်း ဇွန်လ ၃၀ ရက်နေ့ ညနေ ၇ နာရီက အဆိုပါ ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ညနေ ၈နာရီတွင် ရွာ မြောက်ဘက်သို့ ပြန်လည် ထွက်ခွာကာ မီတာ ၂၅၀ ခန့် အကွာရှိ သရက်တော အတွင်း၌ အခြေပြုခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
နောက်တနေ့ နံနက် ၆ နာရီအချိန် တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်၍ AA နှင့် ပတ်သက်သည့် သတင်းများကို မေးမြန်းခဲ့ပြီး နံနက် ၈ နာရီအချိန်တွင် ကျေးရွာရှိ မြောက်ဘက်တောင်ကြောသို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း ထုတ်ပြန်ရှင်းလင်းထားသည်။
ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကတော့ လက်ရှိအချိန်တွင် ရခိုင်အမျိုး သမီးများဘဝ လုံခြုံမှု လုံးဝ မရှိသလို ဖြစ်နေရသည့်အတွက် အလွန်တရာ ဝမ်းနည်း ကြေကွဲရ သည်ဟုဆိုသည်။
“ဒီလိုအမှုဖွင့်နိုင်ဖို့အတွက် ကျမတို့ တပတ်နီးနီးကို အချိန်ယူခဲ့ရတယ်။ သူက စိတ်ဒဏ်ရာ တော်တော်ရနေခဲ့တယ်။ သူရခဲ့တဲ့ စိတ်ဒဏ်ရာရယ်။ စားဝတ်နေရေးရယ်။ နောက်တခါ အကြောက်တရား လုံးလုံးကင်းပြီး စကားလုံးတွေ ဖြောင့်ဖြောင့်တန်းတန်း မှန်မှန်ကန်ကန် ပြောနိုင်ဖို့ရယ် ကျမတို့ အများကြီး ကူညီပံ့ပိုးခဲ့ရတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
ယခုအခါ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အရေးနှင့်ပတ်သက်ပြီး အရပ်ဘက်ရခိုင်အမျိုသမီးများ အဖွဲ့အစည်းများကလည်း ကာယကံရှင်ဖြစ်သူနှင့်အတူ လိုက်ပါပြီးကူညီဆောင်ရွက်ပေးကြသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့မ ရဲစခန်းမှ ပ / ၃၅၅ / ၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု ၊ ရာဇသတ် ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမစပ်ယှက်မှု ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိန်းမှု စသည့် ပုဒ်မများဖြင့် အမှုဖွင့် ကာ စစ်ဆေးလျှက် ရှိကြောင်းလည်း သိရသည်။