မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စင်တီမီတာ ၁၀၀၀ ကျော်အထိ မြင့်တက်နေပြီး အနိမ့်ပိုင်းရပ်ကွက်နေ အိမ်ထောင်စုများ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ၁၀၄၆ စင်တီမီတာအထိ မြင့်တက်ခဲ့သဖြင့် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရမ်ပူနှင့် လယ်ကုန်းရပ်ကွက်နေရာများ ရေစတင် ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေတက်နေသည်ကို တွေ့ရစဉ်

ဇူလိုင် ၁၂ ရက်တွင် ရမ်ပူရပ်ကွက် နယ်မြေ ၃ ရှိ အိမ်ထောင်စု ၃၀ စု၊ လူဦးရေ ၁၀၇ ဦး၊ လယ်ကုန်းရပ်ကွက် နယ်မြေ ၁၄ တွင် အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၇၂ ဦးမှာ မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပြီး ရေဘေးလွတ်ရာ စာသင်ကျောင်းများသို့ ရွှေ့ပြောင်းကာ လူမှုကူညီမှုများ ပြုလုပ်နေရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်လာသည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးတင်ထိုက်က “အမြင့်ဆုံးက ၁၀၄၆ စင်တီမီတာ ရောက်တယ်။ ဇူလိုင် ၁၂ ရက် နေ့လယ် ၁၂ ခွဲ တိုင်းတာချက်မှာ ၁၀၀၅ စင်တီမီတာပဲ ရှိတယ်။ ရွှေကူကတော့ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်။ ရေက ကျနေဆဲပါ။ ရွှေကူမြို့ကတော့ အနိမ့်ပိုင်းရှိလို့ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်”ဟု ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒ၏ ထုတ်ပြန်ချက်များအရ မြစ်ကြီးနားမြို့တွင် ၁၀၄၂ စင်တီမီတာ၊ ဗန်းမော်မြို့တွင် ၉၉၈ စင်တီမီတာ၊ ရွှေကူမြို့တွင် ၈၇၆ စင်တီမီတာ၊ ကသာမြို့တွင် ၉၄၃ စင်တီမီတာတွင် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ရွှေကူနှင့် ကသာမြို့များတွင် စိုးရိမ်ရေမှတ် ကျော်လွန်နိုင်ကြောင်း သိရသည်။

ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေတက်နေသည်ကို တွေ့ရစဉ်

ရွှေကူမြို့နယ် မိုးဇလစခန်းတာဝန်ခံ ဦးတိုးတိုးထွန်းက “ရွှေကူမြို့နှင့် ကသာမြို့တွေက နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်မယ်လို့ ခန့်မှန်းထားတယ်။ ဒီနေ့ ၁၂ နာရီခွဲ တိုင်းတာချက်က ၈၈၄ စင်တီမီတာ ရောက်နေပြီ။ ဒုတိယမြစ်ကျဉ်းက ကျေးနှုတ်သီးလည်း ရေငုပ်သွားပြီ။ အနိပ်ရပ်ကွက်တွေ၊ ရွာတွေကတော့ ဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း ပြောင်းနေကြတုန်းပေါ့။ ကယ်ဆယ်ရေး လုပ်နေကြတယ်” ဟု ပြောကြားသည်။

ဧရာဝတီဒုတိယမြစ်ကျဉ်းတွင် ကျေးနှုတ်သီးနစ်သည်အထိ ရေတက်နေသည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်

ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ကြောင်းအတွင်း မိုးဇလဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ ပြန်ကြားရေးအဖွဲ့ပေါင်းစုံက မြစ်ရေ သတိပေးချက်များကို ဇူလိုင် ၁၁ ရက်မှစ၍ ကြေညာနေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၂ ရက် စာရင်းအရ အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၇၅ ဦးကို ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်လာသည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်

ကသာမြို့၏ နောက်ဆုံးအခြေအနေမှာ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်အရ ၉၅၀ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် ၁၀၄၀ သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း ကချင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် မိုးကြီး တောင်ပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး တောင်ပေါ်မြို့များ၏ ခရီးလမ်းပိုင်းအချို့တွင် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top