Category: မင်းတို့ရိုက်လုသွားတဲ့ဆိုင်ကယ်လေးရဲ့ပိုင်ရှင်ဟာ တိုင်းပြည်အတွက်ပေးဆပ်နေတဲ့ မီးသတ်၀န်ထမ်ရဲ့ဆိုင်ကယ်ဆိုတာ မင်းတို့သိပါ‌စေ

မင်းတို့ရိုက်လုသွားတဲ့ဆိုင်ကယ်လေးရဲ့ပိုင်ရှင်ဟာ တိုင်းပြည်အတွက်ပေးဆပ်နေတဲ့ မီးသတ်၀န်ထမ်ရဲ့ဆိုင်ကယ်ဆိုတာ မင်းတို့သိပါ‌စေ

မင်းတို့ရိုက်လုသွားတဲ့ဆိုင်ကယ်လေးရဲ့ပိုင်ရှင်ဟာ တိုင်းပြည်အတွက်ပေးဆပ်နေတဲ့ မီးသတ်၀န်ထမ်ရဲ့ဆိုင်ကယ်ဆိုတာ မင်းတို့သိပါ‌စေ မင်းတို့ရိုက်လုသွားတဲ့ဆိုင်ကယ်လေးရဲ့ပိုင်ရှင်ဟာတိုင်းပြည်အတွက်ပေးဆပ်နေတဲ့မီးသတ်ဝန်ထမ်းတစ်ဦးဆိုတာမင်းတို့သိပါစေ(သို့) ပြန်မအပ်မိသောမီးသတ်ဝတ်စုံလေးတစ်စုံအကြောင်း  ရွှေဘို–မန္တလေးလမ်းပေါ်ရှိဆားတောင်မြို့မီးသတ်ဦးစီးဌာနအဆောက်အအုံနှင့်မလှမ်းမကမ်းအိမ်ကလေးတစ်လုံးအတွင်းဝှီးချဲပေါ်တွင်လူငယ်လေးတစ်ယောက်ထိုင်နေပါသည်။အသက်(၃၀)ပင်မပြည့်သေးသည့်ထိုလူငယ်သည်မျက်နှာသွင်ပြင်တည်ကြည်လေးနက်ပြီးသန်မာသောအသွင်ဆောင်နေပါသည်။သို့သော်သူ၏ခန္ဓာကိုယ်ကတော့မသန်မာနိုင်တော့။မလှုပ်မယှက်ဝှီးချဲလေးပေါ်တွင်ငြိမ်သက်နေရသည်။ဝှီးချဲဘေးတွင်တော့ဆီးအိတ်တစ်အိတ်တွဲထားရသည်။ ထိုလူငယ်လေးအမည်ကကိုထက်ပိုင်ဦးဟုအမည်ရပါသည်။အသက်ကတော့(၂၈) နှစ်သာရှိသေးသည်။အသက်ကသာငယ်သော်လည်းရာထူးတာဝန်မငယ်ခဲ့ပါ။လက်ထောက်မီးသတ်ဦးစီးမှူးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။သို့သော်တစ်ချိန်ကဖြစ်သည်။အခုတော့သူ့မှာဘာရာထူး၊ဘာနေရာမှမရှိရှာတော့။သူ့အတွက်တစ်ခုတည်းသောနေရာမှာသူထိုင်နေသည့်ဝှီးချဲလေးသာဖြစ်သည်။သူဝှီးချဲလေးပေါ်ထိုင်နေရသည်မှာကြာချေပြီ။တိတိကျကျဆိုရင်လျှင်သုံးနှစ်တင်းတင်းပြည့်ခဲ့ပါလေပြီ။ ကိုထက်ပိုင်ဦးကလက်ရှိနေထိုင်သည့်ဆားတောင်ရွာဇာတိဖြစ်သည်။ဖခင်ကပညာရေးဝန်ထမ်း၊မိခင်ကဈေးရောင်းသည်။ညီအစ်ကိုသုံးယောက်ရှိပြီးကိုထက်ပိုင်ဦးကအကြီးဆုံးဖြစ်သည်။ကိုထက်ပိုင်ဦးတို့မိသားစုမှာဝန်ထမ်းမိသားစုမို့ချောင်ချောင်လည်လည်မရှိခဲ့။ဖခင်ကလည်းနယ်ဝေးဒေသတွေမှာတာဝန်သွားရောက်ထမ်းဆောင်ရတာတွေရှိသည်။ကိုထက်ပိုင်ဦးဆယ်တန်းတက်မည့်နှစ်မှာမိခင်ကြီးကကျန်းမာရေးမကောင်းကာဈေးမရောင်းနိုင်။ ကိုထက်ပိုင်ဦးကျောင်းခေတ္တထွက်ကာရေခဲချောင်းရောင်းပြီးမိခင်ဆေးဖိုးနှင့်ညီငယ်လေးတွေအတွက်ကျောင်းစရိတ်ရှာသည်။ဆယ်ကျော်သက်အရွယ်ကလေးဖြစ်သော်လည်းဈေးရောင်းရမှာကိုသူမရှက်မကြောက်ပါ။ငယ်ငယ်ကတည်းကလည်းဖရဲသီးစိတ်လည်းရောင်းဖူးသည်။ပြောင်းဖူးလည်းရောင်းဖူးခဲ့လေသည်။မိခင်ကြီးနေကောင်းသွားမှကျောင်းပြန်တက်ကာဆယ်တန်းဖြေပြီး၂၀၁၀–၂၀၁၁မှာတက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါသည် တက္ကသိုလ်ဝင်တန်းအောင်တော့အဝေးသင်တက်ကာအလုပ်ကလေးတစ်ခုလုပ်ဖို့ပြင်သည်။အဖေကကန့်ဘလူနယ်ဘက်တာဝန်ကျတော့လိုက်နေရင်းကျွန်းလှမီးသတ်ဦးစီးဌာနမှာဝင်ဖို့ဖြစ်လာသည်။အမေကလည်းမီးသတ်လုပ်ငန်းကပရဟိတဆန်၍သဘောကျသည်။နောက်ဆုံးကိုထက်ပိုင်ဦးမီးသတ်ထဲဝင်လိုက်သည်။၂၀၁၁သြဂုတ်၃ရက်ကဖြစ်သည်။သူ့အနေဖြင့်မီးသတ်ထဲဝင်သာဝင်လိုက်ရသည်၊ဝါသနာပါလွန်း၍တော့မဟုတ်။အလုပ်အကိုင်တစ်ခုအနေဖြင့်ဝင်ခဲ့လိုက်ခြင်းဖြစ်သည်။ သို့သော်မီးသတ်ထဲရောက်ပြီးနောက်ပိုင်းမီးသတ်လုပ်ငန်းတွေသည်ပရဟိတဆန်သည်ကိုသိလာ၍ကိုထက်ပိုင်ဦးမီးသတ်မှာပျော်လာသည်။ဘာပဲဖြစ်ဖြစ်သတိရပါဆိုသည့်မီးသတ်ဆောင်ပုဒ်ကိုသဘောတွေ့လာသည်။ထို့နောက်မီးသတ်တပ်သားလေးထက်ပိုင်ဦးသည်မီးသတ်လုပ်ငန်းတွေကိုစိတ်အားထက်သန်စွာလုပ်ခဲ့ပါလေသည်။  မီးသတ်လုပ်ရင်းမီးကြီးလောင်သည့်ဖြစ်စဉ်တွေလည်းကြုံခဲ့ရသည်။ရေကြီးတာတွေလည်းကူရသည်။လေအခါ၊မိုးအခါလမ်းပေါ်သစ်ပင်တွေလဲပြိုလျှင်လည်းသူတို့မီးသတ်တွေပြေးကူရသည်။ပင်ပန်းလိုက်သည်မှာပြောဖွယ်ရာမရှိ။မီးသတ်သည်မပါမဖြစ်။ကိုထက်ပိုင်ဦးပျော်ပါသည်။ ကျွန်းလှကနေတစ်ဆင့်ချောင်းဦးကိုပြောင်းရသည်။၂၀၁၅မှာစာမေးပွဲဝင်ဖြေသည်။ဒုရဲအုပ်သင်တန်းခြောက်လ၊မီးသတ်အရာရှိသင်တန်းသုံးလတက်ရသည်။၂၀၁၆မှာသူမီးသတ်လက်ထောက်ဦးစီးမှူးရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။သူမင်းဘူးကိုပြောင်းရသည်။မင်းဘူးမှာတစ်နှစ်နှင့်ရှစ်လတာဝန်ထမ်းဆောင်ပြီးဘုတလင်မြို့နယ်ကိုပြောင်းရသည်။ဘုတလင်ရောက်ပြီးတော့သူဘွဲ့လည်းရပြီးသလိုအိမ်ထောင်လည်းကျနေခဲ့ပြီဖြစ်သည်။ရာထူးလေးလည်းရှိလာ၊မိသားစုနှင့်ဘာနှင့်ဆိုတော့ကိုထက်ပိုင်ဦးဘဝကပျော်ရွှင်စရာပင်။သို့သော်ထိုပျော်ရွှင်မှုတွေကရေရှည်မခံခဲ့ပါ။သူ့ဘဝကိုပြောင်းပြန်လှန်ပစ်ခဲ့သောထိုနေ့ကိုဖြင့်ကိုထက်ပိုင်ဦးဘယ်လိုမှမေ့လို့ရမည်မဟုတ်။ထိုနေ့က၂၀၁၆ဒီဇင်ဘာ၃၁ရက်ည၊နှစ်သစ်ကူးညဖြစ်သည်။ထိုညကဘုတလင်ထွေအုပ်ရုံးကနေညစာစားပွဲတစ်ခုကျင်းပရန်ရှိနေသည်။ရပ်ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်ရာတွင်ပါဝင်ကူညီခဲ့ကြသည့်အဖွဲ့အစည်းအသီးသီးအားဂုဏ်ပြုကြခြင်းဖြစ်သည်။ ကိုထက်ပိုင်ဦးတို့မီးသတ်ဦးစီးဌာနကိုလည်းတစ်ယောက်တက်ရောက်ပေးရန်ဖိတ်ကြားခံရသည်။ဖြစ်ချင်တော့ကိုထက်ပိုင်ဦးအထက်အရာရှိကမအား၍မင်းသွားတက်လိုက်တော့ဟုပြောသည်။သို့ဖြင့်ကိုထက်ပိုင်ဦးညပိုင်းတွင်ထွေအုပ်ရုံးညစာစားပွဲတက်ခဲ့ပါသည်။  ညစာစားပွဲအပြန်ထိုညကမိုးလည်းနည်းနည်းရွာနေခဲ့သည်။ည၉နာရီလောက်မှာပွဲသိမ်းပြီးကိုထက်ပိုင်ဦးသူ့ဆိုင်ကယ်လေးဖြင့်ပြန်လာခဲ့သည်။သို့သော်ထွေအုပ်ရုံးကအပြန်သူဘာတွေဆက်ဖြစ်ခဲ့သည်ဆိုတာကိုတော့သူကိုယ်တိုင်မသိတော့။သူအရာအားလုံးခေါင်းထဲမှာလွတ်ထွက်သွားခဲ့သည်။သူရက်ပေါင်းများစွာလွင့်မျောနေခဲ့သည်။သူသတိရလာတော့မန္တလေးဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်ထဲမှာရောက်နေခဲ့သည်။ပြီးတော့သူနိုးလာသည့်နေ့သည်၂၀၁၇ဇန်နဝါရီလပင်ကုန်ဆုံးတော့မည်ဖြစ်လေသည်။ မိသားစုဝင်တွေကပြန်ပြောပြချက်အရသူမေ့မြောနေသည်မှာတစ်လနီးပါးပင်ကြာမြင့်ခဲ့ပြီတဲ့။သူနောက်ဆုံးသတိရသည်ကထွေအုပ်ရုံးကနေပြန်လာခဲ့သည့်နှစ်ကူးညဖြစ်သည်။သူ့အားမုံရွာ–ဘုတလင်လမ်းဘေးတစ်နေရာတွင်ဒဏ်ရာများစွာဖြင့်သတိလစ်မေ့မြောနေသည်ကိုတွေ့ခဲ့ရသည်တဲ့။အရစ်ကျစနစ်ဖြင့်ဝယ်ထားသောငွေပင်မကျေသေးသည့်သူ၏စီးတော်ယာဉ်ဂျာလင်းဆိုင်ကယ်လေးမှာပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့သည်။သူအရိုက်ခံခဲ့ရခြင်းပင်ဖြစ်လေသည်။ အရိုက်ခံခဲ့ရသည့်ဒဏ်ရာတွေကြောင့်သူခါးရိုးတွေလည်းကျိုးသွားသည်။မိုးရေထဲပစ်ထားခံရသဖြင့်အဆုတ်ထဲတွင်လည်းရေတွေဝင်ခဲ့သည်။ခါးအောက်ပိုင်းဆီး၊ဝမ်းနှင့်အာရုံခံစားမှုများလုံးဝမရှိတော့ဘဲအောက်ပိုင်းတစ်ပိုင်းလုံးဆုံးရှုံးခဲ့ရပါလေသည်။သူဆေးရုံမှာသုံးလကြာကုသခဲ့ရပါသည်။လေလမြောက်တွင်သူ့ဌာနကဖုန်းဆက်သည်။ယူနီဖောင်းများပြန်အပ်ရန်နှင့်အလုပ်မှနုတ်ထွက်ပေးရန်တဲ့။ကိုထက်ပိုင်ဦးကျန်နေသည့်အပေါ်ပိုင်းပါသေပြီးလူ့လောကကနေပျောက်ကွယ်သွားချင်စိတ်ပင်ပေါက်ခဲ့သည်။သူချစ်သောအလုပ်ကနေထွက်ပေးရတော့မည်တဲ့။သူအကြောက်အကန်ငြင်းဆန်ခဲ့မိသေးသည်။သို့သော်မရတော့။  သူမီးသတ်ဦးစီးဌာနကနေနုတ်ထွက်ခဲ့ရပါသည်။မန္တလေးတွင်သေကောင်ပေါင်းလဲဆေးကုသနေရသဖြင့်အမှုလည်းမဖွင့်နိုင်ခဲ့။သူဆေးပင်စင်လေးများရမလားကြိုးစားကြည့်သေးသည်။သူ့လုပ်သက်ကရှစ်နှစ်မို့၁၀နှစ်မပြည့်သေး၍မရပါတဲ့။သူစိတ်တွေထိခိုက်ခဲ့ရသည်။ဌာနကနေအကျိုးတစ်စုံတစ်ရာပြန်မျှော်လင့်၍တော့မဟုတ်ပါ။သို့သော်အဆင်မပြေသည့်မိသားစုတစ်စုမှာသားကြီးသြရသသူကိုယ်တိုင်ကမသန်စွမ်းဘဝရောက်ခဲ့ရပြီမို့ဘဝကိုဘယ်လိုရှေ့ဆက်လျှောက်ရမလဲတွေးကာစိတ်တွေထိခိုက်ခဲ့ရခြင်းဖြစ်သည်။ အိပ်ရာနှင့်ဝှီးချဲပေါ်တွင်သာနေရသဖြင့်အိပ်ရာနာအပူနာတွေလည်းဖြစ်သည်။မကြာခဏဆေးရုံတက်ကုသနေရသည်။ငွေတွေလည်းကုန်သည်။မိဘနှင့်ညီတွေလည်းသူ့အပေါ်ကောင်းရှာသည်။သူ့ဇနီးသည်လေးကတော့သူဖြစ်ပြီးမကြာခင်သူ့မိဘတွေဘက်ပြန်သွားနေခဲ့သည်။အိမ်ထောင်ရေးမှလည်းတစ်ခန်းရပ်သွားခဲ့ရသည်။ဆေးကုသစရိတ်တွေအတွက်ဌာနထောက်ပံ့မှုတွေမရခဲ့သော်လည်းမိသားစုကတော့အပြည့်အဝတာဝန်ယူခဲ့ပါသည်။ဂုဏ်သိက္ခာဖြင့်နေခဲ့သောဖခင်ပညာရေးဝန်ထမ်းကြီးမှာလည်းသူ့လုပ်ဖော်ကိုင်ဖက်ပညာရေးဝန်ထမ်းတွေ၏ဆေးကုသစရိတ်ကူညီမှုကိုအားနာနာနှင့်ပင်လက်ခံခဲ့ရသည်။ကိုထက်ပိုင်ဦးနှင့်သင်တန်းတက်ခဲ့ကြသည့်မီးသတ်အရာရှိတွေကလည်းသူ့သတင်းကြားသည်နှင့်စုပေါင်းကာဆေးကုသစရိတ်ကူညီကြပါသည်။ သူနှင့်အတူအပတ်စဉ်တစ်ခုတည်းအတူတက်ခဲ့ကြသည့်သူငယ်ချင်းတွေကတော့အရာရှိတွေဖြစ်နေပြီတဲ့။နှစ်ပွင့်ဖြစ်သူ၊သုံးပွင့်ဖြေရမည့်သူတွေနှင့်သူ့မှာတော့တစ်ပွင့်ဘဝနှင့်နိဂုံးချုပ်ခဲ့ရသည်။သူငယ်ချင်းတွေအတွက်ဝမ်းသာရသလိုသူ့အတွက်အားငယ်ဝမ်းနည်းမှုတွေဖြစ်ပေါ်လာခဲ့ရသည်။  သူစိုးရိမ်သည်ကမိဘတွေများမရှိတော့လျှင်သူ့ဘဝဘယ်လိုစခန်းသွားရပါ့မလဲဆိုသည့်အနေအထားကိုတွေးပူနေရခြင်းဖြစ်သည်။ညီတွေကလည်းအချိန်တန်သူ့အိမ်ထောင်နှင့်သူသူ့မိသားစုနှင့်သူဖြစ်သွားလိမ့်မည်။‘‘အမေတို့အသက်ရှိနေသေးသရွေ့တော့ကျွန်တော်ရှင်သန်နေဦးမှာပါပဲ’’ဟုသူတွေးမိသည်။သူအကုန်လုံးမကောင်းတောင်ခြေထောက်လေးတစ်ချောင်းလောက်ကောင်းလိုက်လျှင်သူလုပ်စားကိုင်စား၍ရဦးမည်ဟုတွေးမိခဲ့သေးသည်။အခုတော့သူ့အတွက်ဆေးကုသကုန်ကျစရိတ်တွေကများသဖြင့်မိသားစုမှာအခက်အခဲတွေကြုံတွေ့နေရသည် သူ့ကိုရိုက်နှက်ကာဆိုင်ကယ်ကိုလုပြီးလူကိုမိုးရေထဲထားသွားခဲ့ကြသည့်သူတွေကိုလည်းသူတော်တော်အံ့ဩခဲ့မိသည်။ဆိုင်ကယ်လေးတစ်စီးအတွက်သူ့ဘဝတစ်ခုလုံးစတေးပေးခဲ့ရသည်။သူ့အနာဂတ်အိပ်မက်တွေရိုက်ချိုးဖျက်ဆီးခံခဲ့ရသည်။လုပ်ရက်ကြပါပေ့။သူညတွေလည်းမကြာခဏအိပ်မက်မက်သည်။သူယူနီဖောင်းအပြည့်အစုံနှင့်စခန်းထဲသွားလာနေသည်တဲ့။သို့သော်ခြေထောက်မှာတော့ကျိုးနေသည့်ပုံစံနှင့်သွားနေရသည်တဲ့။  သူနေသည့်နေအိမ်သည်ဆားတောင်မီးသတ်စခန်းနှင့်သိပ်မဝေးပါ။အာဇာနည်နေ့လိုမျိုးဥဩဆွဲသံကြားလိုက်ရလျှင်သူကြက်သီးတွေထလာခဲ့သည်။လေမိုးကျလျှင်လမ်းပေါ်မှာလဲပြိုကျနေသည့်သစ်ပင်တွေကိုသူတို့မီးသတ်ရဲဘော်လေးတွေမိုးထဲလေထဲတပျော်တပါးခုတ်ကြ၊လှဲကြ၊ရွှေ့ကြ၊ပြောင်းခဲ့ကြတာတွေသတိရသည်။မီးသတ်ကားသံကြားလျှင်မီးသတ်ကားပေါ်ပြေးတက်ပြီးမီးသွားငြှိမ်းသတ်ခဲ့ရတာတွေမျက်လုံးထဲမြင်လာသည်။ရေကြီးစဉ်အိမ်တွေ၊လူတွေပြောင်းရွှေ့ပေးခဲ့တာတွေပြန်မြင်ယောင်လာသည်။ထိုအရာတွေကိုပြန်ပြော၊ပြန်တွေးမိတိုင်းကိုထက်ပိုင်ဦးမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလေသည်။ သူ့အိမ်မှာမီးသတ်သင်တန်းတွေတက်ခဲ့စဉ်ကဓာတ်ပုံတွေ၊လက်မှတ်တွေသူအမြတ်တနိုးသိမ်းထားဆဲပင်ဖြစ်သည်။နောက်ထပ်သိမ်းဆည်းထားတာတစ်ခုလည်းရှိနေပါသေးသည်။ထိုအရာမှာသူဝတ်ခဲ့သည့်မီးသတ်ဝတ်စုံပင်ဖြစ်သည်။ဌာနကပြန်အပ်ခိုင်းသော်လည်းသူပြန်မအပ်ခဲ့ပါ။ဒီဝတ်စုံလေးတော့သူပိုင်ဆိုင်ခွင့်ရချင်ပါလေသည်။။Source ; 7 Day Credit

Back To Top